ရန်ကုန်စက်သုံးဆီဆိုင်များ ကားတစ်စီး နှစ်သောင်းဖိုးအထိ့သာရောင်းပေး
●ဆီဆိုင်များရှေ့တွင်ကားတန်းရှည်ကြီးများဖြစ်နေ
-စောနွေဦး/People’s Spring
ရန်ကုန်မြို့တွင် စက်သုံးဆီဆိုင်များက ဆီကိုကားတစ်စီးလျှင်အများဆုံးကျပ် နှစ်သောင်းဖိုးအထိသာ အကန့်အသတ်ဖြင့်သာရောင်းချနေပြီး ဆီဆိုင်အချို့မှာအရောင်းပိတ်ထားကြောင်းကိုယ်တိုင်စက်သုံးဆီဝယ်လာသောပြည်သူများကပြောသည်။
စက်သုံးဆီပြတ်လတ်နေသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ယနေ့ မနက်ပိုင်းတွင် ပြည်တွင်းဆီဆိုင်များ၌ တစ်ဦးကို အမြင့်ဆုံး ကျ ၅၀၀၀၀ဖိုးအထိသာရောင်းချပေးနေသော်လည်း နေ့လယ်ပိုင်းတွင် ကျပ် ၂၀၀၀၀ ဖိုးမှ ကျပ် ၃၀၀၀၀ဖိုးအထိ အများဆုံးရောင်းချပေးနိုင်တော့ကြောင်း ဆီဝင်ဖြည့်ခဲ့ စမ်းချောင်းမြို့ခံတစ်ဦးကပြောသည်။
လက်ရှိရန်ကုန်မြို့ရှိ ဆီဆိုင်များတွင် ကားတန်းရှည်များကို ဆိုင်တိုင်းတွင်ရှိနေပြီး နေလယ်ပိုင်းတွင် ပိုမို များပြားလာသည်ဟု ကိုယ်တိုင်မြင်တွေ့ရသည့် မြို့ခံတစ်ဦးကပြောသည်။
“နေရာတိုင်းမှာ ကားတန်းရှည်ကြီး ရှိနေတယ်။ သမဝါယမခေတ်ကလို့ တန်းစီရောင်းတဲ့ မြင်ကွင်းမြို့ဗျာ။ တစ်ဆိုင်ကိုလည်း ကျပ် ၂၀၀၀၀ဖိုးဘဲ ဖြည့်ပေးတော့တယ်”ဟု တောင်ဥက္ကလာပတွင် စက်သုံးဆီသွားရောက်ဖြည့်တင်းခဲ့သူတစ်ဦးကပြောသည်။
ထိုသို့ ဖြစ်လာရခြင်းမှာ နိုင်ငံခြားမှ စက်သုံးဆီတင်သွင်းရန် လိုအပ်သည့် ဒေါ်လာကို အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်လိုက်ခြင်းကြောင့် စက်သုံးဆီဆက်လက်တင်သွင်းရန် အခက်အခဲဖြစ်လာခြင်းကြောင့်ဖြစ်သည်ဟု စက်သုံးဆီလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ဒီပုံက လွန်ခဲ့တဲ့နှစ်၂၀ကျော်က ဒုက္ခတွေကို ပြန်ခံစားစေတဲ့ သဘောပါဘဲ။ ”ဟု ၎င်းကဆက်ပြောသည်။
ယနေ့(ဧပြီ ၁၈ရက်)က စပြီး စက်သုံးဆီ အမျိုးအစားတချို့ကိုလည်း ရောင်းချနိုင်ခြင်းမရှိတော့ကြောင်းနှင့် နိုင်ငံတွင်းရှိ အရံစက်သုံးဆီမှာလည်း မကြာခင်ပြတ်လပ်တော့မည်ဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
စစ်ကောင်စီနှင့်နီးစပ်သည့် စက်သုံးလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးပိုင်ဆိုင်သည့် မြတ်မေတ္တာမွန်ဆီဆိုင်များမှာလည်း မနက်ကတည်းကပင် ဆီရောင်းချမူကိုရပ်တန့်ထားသည်။
ထိုအပြင်စစ်ကောင်စီနှင့်နီးစပ်မှုရှိသည့် ရွှေဗျိုင်းဖြူကုမ္ပဏီက ၎င်းအရောင်းဆိုင်ခွဲအချို့တွင် စက်သုံးဆီကန်သန့်ရှင်းရေးနှင့် ဆိုင်ပြင်ဆင်ခြင်းများ ဆောင်ရွက်ရန် ရှိပါသဖြင့် ဆိုင်ခွဲအချို့အား ခေတ္တယာယီ ပိတ်ထားမည်ဖြစ်သည်ဟုဆိုကာ ဧပြီ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။
(ဆီပြတ်မည့်စိုး၍ ဝယ်ယူရန်စောင့်ဆိုင်းနေသော ကားတန်းရှည် ။ ဓါတ်ပုံ-CJ)