ၾကားသိရသမွ်

မြန်မာ့ ရှင်ဥပဂုတ္တဖောင်တော် ကီလိုမိတာ ထောင်ချီတဲ့ သမုဒ္ဒရာကို ဖြတ်ပြီး အိန္ဒိယသို့ ရောက်သွားခဲ့

မြန်မာပြည်ကနေ ပင်လယ်ထဲ လွှတ်ခဲ့တဲ့ ရှင်ဥပဂုတ္တဖောင်တော်တခုဟာ အိန္ဒိယ သမုဒ္ဒရာကြီးကို ဖြတ်သန်းပြီး အိန္ဒိယသို့ ထူးထူးဆန်းဆန်း ရောက်သွားတဲ့ သတင်းတပုဒ်ကို ဖော်ပြ လိုက်ပါတယ်-

လွန်ခဲ့တဲ့ အင်္ဂါနေ့က အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ပြည်နယ်ရဲ့ ဆူနာပါလီ ပင်လယ်ဆိပ်ကမ်းသို့ ထူးဆန်း အံ့ဩဖွယ်ကောင်းတဲ့ အရာတခု ဆိုက်ကပ်ခဲ့ပါတယ်။

အဆိုပါ အရာဝတ္ထုဟာ ရွှေပြဿဒ် တခုဖြစ်ပြီး ကမ်းခြေနားမှာ နေထိုင်တဲ့သူတွေက ကုန်းပေါ်ကို ဆွဲယူခဲ့ကြတာ ဖြစ်ပါတယ်။ အိနိ္ဒယရိုးရာ ရထားနဲ့ တူတဲ့ ၎င်းယာဉ်ဟာ မည်သည့် ဒေသက လာတာဖြစ်ကြောင်းကို ဒေသခံတွေအနေနဲ့ စဉ်းစားလို့ မရဖြစ်နေပါတယ်။

အထူးစုံစမ်းစစ်ဆေးရေး အရာရှိတဦးကတော့ တာဝန်ရှိသူများကို သတင်းပို့ထားပြီး၊ မြန်မာပြည်က လာတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လူမှုကွန်ယက် ပေါ်မှာတော့ ရေအောက်မြို့တော်ကနေ ထွက်ပေါ်လာတဲ့ ရှေးဟောင်းရထားတစီးလို့ ယူဆနေကြပေမယ့်လည်း ဟောင်းနွမ်းခြင်း မရှိတဲ့ ဖောင်တော်ပေါ်မှာ ၁၆-၁-၂၀၂၂ ရက်နေ့လို့ ရေးထိုးထားပါတယ်။

အဆိုပါ ဖောင်တော်ကို အန္တရာယ် ရှိ/မရှိ စုံစမ်း စစ်ဆေးခဲ့ပြီးနောက် တာဝန်ရှိသူတွေက မြန်မာပြည်က လာတာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ချခဲ့ပါတယ်။

အထက်ပါ သတင်းကို သုံးသပ်ရရင်တော့ အိန္ဒိယ နိုင်ငံသားတွေအနေနဲ့ ပင်လယ်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာတဲ့ ပြဿဒ်ကျောင်းဆောင် တခုကို မြင်လိုက်ရတာကြောင့် တအံ့တဩတွေ ဖြစ်နေမှာ အသေအချာပါပဲ။

ဒီလို ဖြစ်ရပ်မျိုးဟာ သဘာဝကြီးရဲ့ ဆန်းကြယ်မှုကြောင့် ဖြစ်ပေါ်လာတာပါ။ ဇန်နဝါရီလတုန်းက မြန်မာပြည်ကနေ ပင်လယ်ထဲ လွှတ်ပြီး ပူဇော်ခဲ့တဲ့ ရှင်ဥပဂုတ္တဖောင်တော်ဟာ ပင်လယ်ထဲမှာ မျောပါနေခဲ့တာပါ။ အဲဒီနောက် ပြီးခဲ့တဲ့ ရက်ပိုင်းက အိန္ဒိယကို ဝင်ရောက်ခဲ့တဲ့ အာစနီမုန်တိုင်းရဲ့ အရှိန်ကြောင့် ကီလိုမီတာပေါင်း ထောင်နဲ့ ချီဝေးကွာတဲ့ အိန္ဒိယနိုင်ငံ ဆိပ်ကမ်းကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအစ ကရင်နှစ်သစ်ကူးနေ့မှာလည်း ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ကနေ လွှတ်တင်လိုက်တဲ့ မီးပုံးပျံက မိုင်ပေါင်း ထောင်ချီဝေးကွာတဲ့ ဗီယက်နမ်နိုင်ငံကို ကျရောက်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ခဲ့ဖူးပါတယ်။

ရေမြေတွေ ကွာခြားပြီး ယဉ်ကျေးမှုခြင်း မတူညီမှုကြောင့် ရုတ်တရက် ရောက်လာတဲ့ ပစ္စည်းတွေကို အထူးအဆန်း ဖြစ်ပြီး တအံ့တဩ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ယခု ရှင်ဥပဂုတ္တဖောင်တော် ပုံစံကလည်း ဘာသာရေးနဲ့ဆိုင်တဲ့ ရှေးဟောင်းပုံစံ ဖြစ်တာကြောင့် အိန္ဒိယနိုင်ငံရဲ့ လူမှုကွန်ယက်မှာ လူပြောများတဲ့ သတင်း တခု ဖြစ်နေပါတယ်။

သဘာဝတရားကြီးရဲ့ ထူးခြားဆန်းကြယ်မှုကတော့ ပြောမကုန်နိုင်လောက်အောင် ထူးထူးဆန်းဆန်းတွေ ဆက်ရှိနေဦးမှာပဲ ဖြစ်ပါတယ်ဗျာ