အလွပေရးရာ

သဘာဝအိမ်တွင်းပစ္စည်း(၄) မျိုးနဲ့ ချိုင်းဖြူ အောင် လုပ်ကြမယ်

သဘာဝအိမ်တွင်း ပစ္စည်းတွေနဲ့တင် ကိုယ့်ချိုင်းကြား အသားအရေ ကောင်းလာနိုင်တယ်ဆိုတော့ သေချာလေး လုပ်ဆောင်ဖို့ပဲ လိုတော့တယ်နော်။

လက်ပြတ်အင်္ကျီလှလှလေးတွေ ဝတ်ရဲဖို့အတွက် ဂျိုင်းကြားအသားအရေ ဖြူပြီး ကောင်းမွန်နေဖို့ လိုတယ် နော်။

ဒီတော့ ဂျိုင်းကြားအသားအရေ မည်းနေတယ်ဆိုရင်ဖြူလာအောင် လုပ်လို့ရမယ့် နည်းလမ်းကောင်းလေးတွေ ရှာဖွေပြီး လုပ်ကြည့်ဖို့ လိုလာပါပြီ။

ဘယ်နည်းလမ်းလေးတွေက အကောင်းဆုံး ဖြစ်မလဲ ဆိုတာ ကြည့်ကြည့်ရအောင်။

(၁) သခြားသီး

မျက်နှာအသားအရေအတွက် သခွားသီး သုံးကြသလိုမျိုး ဂျိုင်းကြားအသားအရေအတွက်လည်း သခွားသီး သုံးလို့ ရပါတယ်နော်။ သခွားသီးကို ပါးပါးလှီးပြီး ဂျိုင်းကြားမှာ ကပ်ထားပါ။

(၁၀) မိနစ်လောက် ထားပြီးရင်တော့ ခွာလို့ရပါပြီ။ သခွားသီးက ရေဓါတ်ဖြည့်တင်းပေးတာမို့ ခြောက်သွေ့ပြီး အရောင်မွဲတာကို ပြန်ကောင်းစေပါတယ်။တစ်ပတ် ကို (၃) ကြိမ်လောက် လုပ်ပေးလို့ ရပါတယ်နော်။

(၂) သံပုရာသီး

သံပုရာသီးကတော့ ဂျိုင်းကြားအသားအရေအတွက် တကယ့်ကို အစွမ်းထက်တဲ့ အသီးတစ်မျိုးပါပဲနော်။ သံပုရာသီးကို အရည်ညှစ်ပြီး အဲ့ဒီအရည်ကို ဂျိုင်းမှာ သုတ်လိမ်းပြီး အခြောက်ခံထားပါ။

ခြောက်သွားရင် ရေဆေးချပေးပါ။ သံပုရာသီးမှာ ပါတဲ့ Citric acid က အသားအရေကို Scrub လုပ်ပေးသလို ဖြစ်ပြီး အသားအရေ မည်းညစ်တာတွေ ပျောက်သွားဖို့ ကူညီပေးနိုင်ပါတယ်။

(၃) အာလူး

အာလူးကိုလည်း ဂျိုင်းကြားဖြူစေဖို့ သုံးလို့ရတယ်နော်။ အာလူးကို ပါးပါးလေးတွေ လှီးပြီး ဂျိုင်းမှာ ကပ် ထားပါ။ (၁၀) မိနစ်လောက် ကပ်ရင် ရပြီနော်။

အာလူးက အရေပြားအလွှာတွေကို ကောင်းမွန်စေပြီး မည်းညစ်တာတွေကို လျော့ကျစေပါတယ်။တပတ် ကို (၂) ကြိမ်လောက် ကပ်ပေးလို့ ရတယ်နော်။

(၄)ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်က ဂျိုင်းကြားအသားအရေအတွက် အကောင်းဆုံး နည်းလမ်းတစ်မျိုးပါ။

ဂျိုင်းကြားအသားအရေ မည်းညစ်ညစ် ဖြစ်နေတယ် ဆိုရင် ရှားစောင်းလက်ပပ်ကို အခွံနွှာပြီး အထဲက အရည်ပျစ်ပျစ်ကို ဂျိုင်းကြားမှာ သုတ်လိမ်းထားပါ။

(၁၅) မိနစ်လောက် နေရင် ခြောက်သွားမှာပါ။ ခြောက်သွားမှ ရေအေးအေးနဲ့ ဆေးကြောပါ။

ရှားစောင်းလက်ပပ်မှာ ပါတဲ့ အင်ဇိုင်းက အသားအရေမည်းညစ်တာကို သက်သာစေတဲ့အပြင် ပျက်စီးနေတဲ့ အရေပြားအလွှာတွေကို ပြန်လည်ကောင်းမွန်စေပါတယ်။ ဒါကြောင့် သေချာလုပ်ပေးမယ်ဆိုရင် အမြန်ဖြူလာမှာပါနော်