အတည်မပြုနိုင်သေးပေမယ့် လျှပ်စစ်မီတာခတွေ ဈေးတက်တော့မယ်ဆိုတဲ့သတင်းတွေ ဒီကနေ့ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ဒီသတင်းတွေအရဆိုရင် မီတာခဈေးဟာ လက်ရှိထက် နှစ်ဆခွဲလောက် မြင့်တက်သွားမှာ ဖြစ်ပါတယ်။
လာမယ့် ဇူလိုင် ၁ ရက်ကစပြီး ဒီနှုန်းထားအလိုက် ကောက်ခံသွားမယ်ဆိုပြီးလည်း သတင်းတွေထွက်နေတာ ဖြစ်ပါတယ်။
အထွေထွေကုန်ဈေးနှုန်းကြီး၊ စားသောက်ကုန်နဲ့ လောင်စာဆီဈေးတွေတက်ပြီး အလုပ်အကိုင်ရှားနေတဲ့အချိန် အခုလိုမီတာခတွေဈေးတက်မယ်ဆိုတဲ့သတင်းဟာ ပြည်သူတွေကို ဝန်ပိစေသလို၊ စိတ်ဒုက္ခရောက်စေတယ်လို့ ဆိုပါတယ်။
တဖက်ကလည်း ဒီလိုမျိုးအခွန်တွေ တိုးကောက်မယ်ဆိုတာမျိုးရှိနေပေမယ့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ကောင်းကောင်းမလုပ်နိုင်တာ၊အလုပ်အကိုင်မဖန်တီးပေးနိုင်တာ၊ ပြည်သူတွေကိုလုံခြုံမှုမပေးနိုင်တာတွေအတွက် ဝေဖန်မှုတွေလည်းရှိနေတာပါတယ်။
စကစ အနေနဲ့ လျှပ်စစ်မီး မှန်ဖို့အတွက် သဘာဝဓာတ်ငွေ့ကို ဝယ်ယူမှု အနည်းဆုံးသို့ လျှော့ချလိုက်ပြီးနောက် အခွန်တွေ ပြန်ရဖို့ အခုလို မီတာခတွေကို တိုးမြှင့်ချင်တာ ဖြစ်နိုင်တယ်လို့ ပညာရှင်တဦးက သုံးသပ်ပါတယ်။
လက်ရှိအချိန်မှာ စကစ အခွန်အရဆုံး နေရာက လျှပ်စစ်မီတာခ ဖြစ်ကြောင်း၊ ပြည်သူတွေက မီတာ ပြန်ဆောင်ကြတဲ့အခါမှာ ရသမျှ ပိုလိုချင်တဲ့ သဘောရှိကြောင်း၊ အဲဒါကြောင့် မီတာခတွေ တိုးမြှင့်တာ ဖြစ်နိုင်တဲ့ အခြေအနေ တခုဖြစ်ကြောင်း ပြည်သူတဦးကလည်း မှတ်ချက်ချပါတယ်။
unicode