Uncategorized ဗဟုသုတ

အင်ဂျင်နီယာတွေ ဘေးချိတ်ခံထားရတဲ့ ပန်းရံဆရာကြီးတွေ နေတဲ့တိုင်းပြည် 🇲🇲

အင်ဂျင်နီယာတွေ ဘေးချိတ်ခံထားရတဲ့ ပန်းရံဆရာကြီးတွေ နေတဲ့တိုင်းပြည် 🇲🇲

ပန်းရံဆရာကြီးတွေ နေတဲ့တိုင်းပြည် 🇲🇲

အရပ်ထဲမှာ အိမ်ဆောက်တော့ ပန်းရံဆရာတွေကို မလှန်ရဲပါဘူး။ သူတို့က ဆရာကြီးတွေပါပဲ။ တစ်ကယ်လည်း ဆရာတွေပါပဲ။ နှစ်ပေါင်းများစွာ လက်တွေ့ လုပ်လာခဲ့တာပဲလေ။ သို့ပေမယ့် တချို့ ပညာရပ် အသိလေးတွေတော့ ညှိယူသင့်ပါတယ်။
သံချောင်းပါရင် RC ဆိုပြီး Okay ပါပြီ။ အဲဒီမှာ Cover လို့ ခေါ်တဲ့ သံချောင်းရဲ့ အစွန်ဆုံး မျက်နှာပြင်ဟာ ကွန်ကရစ်ထဲမြု ပ်နေစေရပါတယ်။

အောက်ဆုံး အုတ်ဖိနပ် footing လို မြေကြီးနဲ့ ထိနေတဲ့ နေရာမျိုးမှာ အနည်းဆုံး ၂ လက်မလောက် ဘေးက ကျောက်ပုံးနဲ့ သံ ကွာနေစေရပါမယ်။ ရေငန်ဒေသတွေဘက်မှာဆို ၃ လက်မလောက် ရှိသင့်ပါတယ်။

တိုင်တို့ ယက်မတို့ မှာဆို ကျောက်ပုံးနဲ့ သံဟာ ၁ လက်မ , ၁ လက်မခွဲ လောက် ကွာနေစေရပါမယ်။ slab ကြမ်းခင်းမှာ ဆိုရင်တော့ အောက်ခြေ သံနဲ့ အထပ်သားဟာ ၃ မတ်, ၁လက်မ လောက် ကွာနေသင့်ပါတယ်။

အဲလို အတိအကျ သဘောမျိုးရအောင် နှစ်လက်မ ပိုက်ကလေးကို သံဖြတ်လွှကလေးနဲ့ လိုသလို ဖြတ်ပြီး ဘိလပ်မြေသဲ ၁ဆ ၁ဆ လောက်ရောပြီး ကျောက် ခပ်နုပ်နုပ်ရှိရင်လည်း ၁ : ၂ : ၃ အချိုးနဲ့ ဘလောက်တုံးလေးတွေ ကြိုလုပ်ထားရင် တိကျတဲ့ အတိုင်းအတာကို ရစေပါတယ်။ ဝါယာလေးတွေ ဖြတ်ပြီး ထည့်ထားရင် သံကို ချည်ထားလို့ရလို့ နေရာ မရွေ့တော့ပါဘူး။

အရပ်ထဲက ပန်းရံလက်သမားက ကျောက်ခဲလေးတွေ ခံတတ်ပါတယ်။ တစ်ကယ်လောင်းတဲ့အခါ အဲဒီကျောက်တွေ ရွေ့ကုန်ပြီး သံအတွက် လုံလောက်တဲ့ cover မရတော့ပါဘူး။

အဲဒါ မရတော့ ဘာဖြစ်လဲကွာ ဆိုတော့။ ရန်ကုန်က တိုက်ခန်းတွဲတွေမှာ အပေါ်မော့ကြည့်လိုက်ရင် အပေါ်ထပ် slab က မျက်နှာကြက်မှာ သံချောင်းတွေ ပေါ်နေတာတွေ ဖြစ်တတ်တာပါ။

သံချောင်းဟာ လုံလောက်တဲ့ အကာအကွယ် မရလို့ ပြင်ပက အစိုဓာတ်နဲ့ထိပြီး သံချောင်းဆွေးကာ slabရဲ့ ခံနိုင်အားနဲ့ သက်တမ်းကို အမြန်ဆုံး တိုစေပါတယ်။ သံတွေ အများကြီး ထည့်လို့ ခိုင်မှာပဲ ဆိုတာ မဟုတ်ပါဘူး။

Slab တွေမှာ သံချောင်း ၂ လွှာတောင် ထည့်ထားတာ ကောင်းလှပြီ မထင်ပါနဲ့ ။ အဲဒီ ၂ လွှာက ပူးမနေစေရပါဘူး။ ၂ လွှာကြား ကွာနေအောင် သံဘဲခြေထောက်လေးတွေ ၃ ၄ ပေခြား တစ်ခုစီလောက် ထည့်ပေးပါ။

နောက်ထပ်က ဘိလပ်မြေရဲ့ ကြာချိန်ပါ။ ပုံမှန် ဘိလပ်မြေဟာ ရေနဲ့ထိပြီး နာရီဝက်လောက်ကနေ စပြီး ခဲပါတယ်။ ၁၀ နာရီလောက်မှာ ခဲတဲ့ဓာတ်ပြုခြင်း ပြီးပါတယ်။ ဒါကြောင့် သဲ ဘိလပ်မြေ မဆလာ ကျောက် သဲ ဘိလပ်မြေ ကွန်ကရစ်တို့ကို နာရီဝက် တစ်နာရီအတွင်း ကုန်အောင် သုံးခိုင်းပါ။ အဲဒါမှ ဆွဲအားကောင်းစေပါတယ်။

ပန်းရံဆရာတွေက တခါတည်း အများကြီးဖျော်ပြီး လုပ်တတ်ပါတယ်။ နေ့လည် ထမင်းစားနားတော့ ရေကန်လေးလုပ်ပြီး ရေထည့်ထားပါတယ်။ ထမင်းစား ပြန်လာတော့မှ ပြန်မွှေပြီး သုံးကြပါတယ်။ ၁၀ နာရီလောက်က ဖျော်ထားတဲ့ ဟာ ၂ နာရီလောက်မှ ပြန်သုံးရင် ကြာချိန် ၄ နာရီလောက်ဖြစ်သွားပြီမို့ အဲဒီမဆလာ ဆွဲအား မကောင်းတော့ပါဘူး။

လောလောဆယ် ကပ်လို့ရပေမယ့် နောက်မကြာခင် ပက်ကြားကွက်လေးတွေ ပြန်ဖြစ်မှာပါ။

ဘိလပ်မြေ သုံးထားတဲ့ အရာတိုင်း စမာလာပြီဆို အစိုဓာတ် ရအောင် လုပ်ပေးပါ။ ဆိုလိုတာက ရေလောင်းပေးပါ။ ဒီနေ့ ကျောက်လောင်းရင် မနက်ဖြန် ရေလောင်းပါ။ မဆလာချောခြင်း အုတ်စီခြင်းတို့ကိုလည်း နောက်နေ့ကစလို့ ရေလောင်းပါ။ အစပိုင်းနေ့တွေမှာ ရေအစို မပြတ်ပါစေနဲ့။ ၇ ရက်လောက်ထိတော့ လောင်းပေးပါ။

နောက် ရေကိုလည်း သောက်လို့ရတဲ့ရေ သုံးပေးပါ။ တခြား ဆီတွေ အမဲဆီတွေ စသဖြင့် ပါတာ မကောင်းပါဘူး။ ရေငန် ရေကို လုံးဝ မသုံးရပါဘူး။ အငန်ဓာတ်နဲ့ သံနဲ့တွေလို့ကတော့ ပွဲကောင်းသွားပါမယ်။ ငါးနှစ် မခံပါဘူး။ ကျောက် သဲတွေလည်း သန့်ရပါမယ်။ ရေနဲ့ ဆေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

သဲကလည်း မြစ်သဲထက် ကုန်းသဲက ပိုသန့်ပြီး ပို ဆွဲအား ကောင်းပါတယ်။ ရှတတရှိတဲ့ ပျဉ်ပုံသဲ နာမည်ကြီးနေတာ အဲဒါကြောင့်ပါ။ မြစ်သဲက ဇောင်းလုံးပြီး နုလို့ သဲချင်းယှဉ်ရင် ကုန်းသဲက ပိုကောင်းပါတယ်။

ကျောက်လဲ အလုံးတွေ အပြားတွေထက် ဇောင်းပါပြီး အရွယ်စုံတဲ့ ကျောက်က ပိုကောင်းပါတယ်။ အခုနောက်ပိုင်း chipping လို့ ခေါ်တဲ့ ခွဲကျောက်တွေ ရနေပါပြီ။ အဲဒါ ဆိုက်စုံရောပြီး သုံးနိုင်ရင် ပို ကောင်းပါတယ်။ မုပ္ပလင်ကျောက် ဆိုတာ နာမည်ကြီးပါတယ်။

ဘိလပ်မြေဖျော်ရာမှာလဲ တခါတခါ လောင်းရင် တံဆိပ်တူတာပဲ သုံးပါ။ ဆင်ဆိုဆင် မြင်းဆိုမြင်း ကြံ့ဆိုကြံ့ ဆိုလိုတာပါ။ ဆင်နဲ့ မြင်း ရောပြီး ဖျော်ရင် setting time မတူလို့ ပြဿနာ ရှိတတ်ပါတယ်။

ဒါလေးတွေဟာ ဘာမှလည်း ပိုကုန် ပိုလုပ်လိုက်ရတာ မဟုတ်ပဲနဲ့ ခိုင်ခန့်မှုကို အများကြီး ကွာသွားစေပါတယ်။ ရိုးရိုး အရပ်သား အိမ်ရှင်တွေလည်းနားလည်လို့ လုပ်လို့ရလို့ပါ။

Credit … ကိုရင်သာအေး