ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့(၄)ဦး ကွပ်မျက်ခံရမှုအတည်ဖြစ်ဟု ထောင်အာဏာပိုင်များအကြောင်းပြန်၊
မိသားစုဝင်များက အသေးစိတ်အခြေအနေသိရှိရန် ထောင်တာဝန်ခံအရာရှိနှင့် တွေ့ဆုံခွင့် စာတင်ထား
ဇူလိုင် ၂၅၊ ၂၀၂၂
ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော်တို့ ကွပ်မျက်ခံရတာအတည်ဖြစ်ကြောင်းနဲ့ အလောင်းများပြန်မရကြောင်း ထောင်အာဏာပိုင်တွေက မိသားစုဝင်တွေကို ပြောတယ်လို့ ရှေ့နေနဲ့မိသားစုနီးစပ်သူတွေဆီက သိရပါတယ်။
“အတည်ဖြစ်တဲ့။ အလောင်းတွေလည်းပြန်မရဘူး”လို့ အခြေအနေကိုစုံစမ်းဖို့ မိသားစုနဲ့အတူ အင်းစိန်ထောင်ရောက်နေတဲ့ ရှေ့နေတစ်ဦးကပြောပါတယ်။
မိသားစုနဲ့အတူ အင်းစိန်ထောင်ကိုလိုက်ပါသွားသူတစ်ဦးကလည်း “သူတို့ (ထောင်တာဝန်ရှိသူ) ပြောတာတော့ လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်ပြီးစီးတယ်လို့ပဲပြောတယ်။ သတင်းစာထဲကအတိုင်းပဲပေါ့ ပြောတယ်။
တခြားဘာမှထပ်မပြောဘူး”လို့ပြောပါတယ်။
ဒါ့အပြင် ဦးဂျင်မီ နဲ့ ဦးဖြိုးဇေယျာသော်တို့ကို ပြစ်ဒဏ်စီရင်ပြီးလို့ စစ်ကောင်စီကကြေညာထားတာနဲ့ ပက်သက်ပြီး မိသားစုဝင်တွေက အသေးစိတ်သိရှိနိုင်ဖို့အတွက် စာတင်ပြီး အင်းစိန်ထောင်တာဝန်ခံအရာရှိနဲ့ တွေ့ဆုံခွင့်တောင်းထားပါတယ်။
“ကျမ၏သားဖြစ်သူ ဖြိုးဇေယျာသော်(ခ)မောင်ကျော်အား မည်ကဲ့သို့ပြစ်ဒဏ်စီရင်ခဲ့ကြောင်းနှင့် မည်သည့် နေ့၊ မည်သည့်အချိန်တွင် ပြစ်ဒဏ်စီရင်ခဲ့ကြောင်းကို မိသားစုဝင်များအနေဖြင့် သိရှိရန်လိုအပ်ပါသည်။ ယခုအခါ၄င်းသတင်းများပျံ့နှံ့နေပြီး မိသားစုများအနေဖြင့် အလွန်တရာစိတ်ပူပန်နေမိပါသည်။
မိသားစု အနေဖြင့် အဖြစ်မှန်ကိုသိရှိမှသာ မြန်မာဓလေ့ထုံးတမ်းအရ ဆက်လက်စီစဉ်ဆောင်ရွက်စရာများ ရှိနေပါသောကြောင့် ဖြိုးဇေယျာသော်(ခ)မောင်ကျော်အား အမေဖြစ်သူကျမအနေဖြင့် လူကြီးမင်းနှင့်တွေ့ဆုံမေးမြန်းခွင့်ပြုပေးပါရန် လျှောက်ထားအပ်ပါသည် ” လို့ ရေးသားတောင်းဆိုထားတာဖြစ်ပါတယ်။
ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ (၄)ဦး ကို အကျဉ်းထောင်လုပ်ထုံး လုပ်နည်းတွေအတိုင်း ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးဖြစ်တယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ဒီနေ့ထုတ်သတင်းစာတွေမှာ ကြေညာခဲ့တာကြောင့် မိသားစုဝင်တွေက မေးမြန်းဖို့အတွက် အင်းစိန်ထောင်ကိုရောက် နေတာပါ။
uicode