ပြည်ပကနေ မှာယူတင်သွင်းရတဲ့ ကြက်စာစျေး တစ်အိတ်စျေးနှုန်းဟာ လက်ရှိကာလမှာ ကျပ် ၈သောင်းအထိစျေးပေါက်နေလို့ စျေးကွက်အတွင်း ရောင်းချတဲ့ ကြက်သားစျေးနှုန်းဟာ ကျပ် ၇၀၀၀ အထိ စျေးနှုန်းမြင့်တက်လာခဲ့တယ်လို့ အခြေခံစားသောက်ကုန်စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
“ကြက်စာစျေးနှုန်းက အရင်က တစ်အိတ်ကို ၆ သောင်းလောက်ပေါက်တယ်။ အခုက ၈ သောင်းလောက်အထိစျေးပေါက်နေတယ် ပြောပါတယ်။ ကျနော်တို့က ဒိုင်ကယူရတဲ့ အသားစျေးတင် ၅၅၀၀ နဲ့ ၆၀၀၀ ယူရတယ်။
အဲ့တော့ ၇၀၀၀ စျေးလောက်နဲ့မှ မရောင်းရင် ဘယ်လိုမှ မကိုက်ပါဘူး။ အခုကြက်သားအသေးတစ်ခြမ်းကို ၂၀၀၀၊ ၂၅၀၀ လောက်နဲ့မရောင်းရင်မကိုက်ဘူးပေါ့။ အရင်ကဆို ၁၈၀၀ လောက်နဲ့ရောင်းတဲ့ဟာပေါ့။
အကြီးခြမ်းဆိုရင် ၃၀၀၀၊ ၃၅၀၀ ပေါ့။ ဒိုင်က ယူရတဲ့စျေးက တက်တော့ ဒီဘက်မှာလည်း ကြက်သား စျေးကတက်သွားတာပေါ့။
အဓိက က ကြက်အစာစျေးနှုန်းတက်လို့ အသားစျေးပါတက်တာပေါ့။ ဒိုင်ကစျေးပြန်ချပေးရင်တော့ ကျနော်တို့လည်း စျေးနှုန်းပြန်ချပြီး ရောင်းပေးမှာပါ။” လို့ ကြက်သား လက်လီ/လက်က္ကားရောင်းချသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ ဒေါ်လာစျေးဂယက်တွေကြောင့် ပြည်ပမှ မှာယူတင်သွင်းရတဲ့ ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးဟာတက်လာပြီး အခြေခံစျေးကွက်အတွင်းမှာပါ စျေးနှုန်းတွေ လိုက်ပါ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ကြက်သားနှင့် ဆက်စပ်လျက်ရှိတဲ့ ကြက်ဥစျေးနှုန်းမှာလည်း စျေးကွက်အတွင်း ကျပ် ၁၉၀ မှ ကျပ် ၂၀၀ ပေါက်စျေးရှိနေပြီး ကြက်ဥအလုံးအကြီး အလှဆိုပါက ကျပ် ၂၅၀ အထိ ပေါက်စျေးရှိနေတာဖြစ်တယ်လို့ သိရပါတယ်။
“ဒေါ်လာစျေးတက်ရင် အကုန်တက်မှာပဲလေ၊ အကုန်လုံးက ပြည်ပက မှာရတာတွေချည်းပဲ၊ ပြည်ပက တင်သွင်းရတဲ့ဟာတွေပဲလေ။ ဒေါ်လာနဲ့ရှင်းရတာ ဒေါ်လာစျေးတက်တော့ အစစအရာရာ စျေးတွေတက်ကုန်တာပေါ့။”လို့ ပြည်တွင်းရှိ လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။
ယနေ့ ဇူလိုင် ၂၄ ရက်၊ နံနက်ပိုင်းတွင် ပြင်ပငွေလဲလှယ်မှုစျေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်စျေး ၂၄၀၀ ကျပ်နှင့် ရောင်းစျေးက ၂၄၄၀ အထိ ပေါက်စျေးရှိနေတာဖြစ်တယ်လို့ Money Changer များရဲ့ ငွေလဲလှယ်မှု စျေးနှုန်းတွေအရ သိရပါတယ်။
လက်ရှိကာလမှာ ဗဟိုဘဏ်က တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ဝယ်ယူနေတာဖြစ်တဲ့ အတွက် ပြင်ပစျေးကွက်မှာ ဒေါ်လာလိုအပ်ချက်တွေများလာပြီး စျေးကွက်လိုအပ်ချက်အရ ဒေါ်လာငွေ လဲလှယ်မှုနှုန်းတွေက မြင့်တက်လာကာ စျေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့် ဒေါ်လာတွေကို ဝယ်ယူရောင်းချနေကြသလို ငွေလဲလှယ်မှုနှုန်းက ကန်တစ်ဒေါ်လာလျှင် ကျပ် ၂၀၀၀ အထက်မှာသာရှိနေတာဖြစ်တယ်လို့ စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။
လက်ရှိဈေးနှုန်း ကြက်သား တပိဿာ ၇၀၀၀ ဆိုတာဟာ ရန်ကုန်မှာ ရောင်းချတဲ့ ဈေးနှုန်းသာ ဖြစ်ပြီး လမ်းပမ်းဆက်သွယ်မှု ခက်ခဲတဲ့ဒေသမှာတော့ တပိဿာ ၁၀၀၀၀ နီးပါး ရောက်ရှိနေပြီလို့ သိရပါတယ်။ ဒေါ်လာ၊ စက်သုံးဆီနဲ့ အထွေထွေ ကုန်ဈေးနှုန်းများ မြင့်တက်လာတာကြောာင့် အခြေခံစားသောက်ကုန်တွေ တဟုန်ထိုး ဈေးတက်လာပြီး ပြည်သူတွေအနေနဲ့ ပိုမိုခက်ခဲနေပြီ ဖြစ်ပါတယ်။