ပြည်တွင်းစျေးကွက်အတွင်း ဆန်ချော၊ ဆန်ကြမ်းများ အမျိုးအစားအလိုက် စျေးတွေ အလွန်အကျွံ တက်နေပြီး ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ဇွန်လအတွင်းက ကျပ် ၆၆၀၀၀ သာရှိ သော်လည်း လက်ရှိအချိန်တွင် ကျပ် ၈၀၀၀၀ အထိ စျေးတက်လာကာ တစ်လအတွင်း ၂၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှ ထုတ်ပြန်ထားတဲ့ စျေးနှုန်းများအရ သိရပါတယ်။
“စျေးထဲမှာတော့ ဒီနေ့ဆိုရင် ရွှေဘို ပေါ်ဆန်းတစ်အိတ်ကို ၈၈၀၀၀ ပေးဝယ်ခဲ့ရတယ်။ ရှိသမျှ ဆန်အကုန်စျေးတက်တာ၊ ဆန်ကြမ်းတွေလည်း စျေးတက်ကုန်ပြီ” ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်း မှထုတ်ပြန်ထားချက်အရ ရွှေဘိုပေါ်ဆန်းတစ်အိတ် လျှင် ၂၀၁၅ ခုနှစ်တွင် ကျပ်၄၇၀၀၀၊ ၂၀၁၆ ခုုနှစ်တွင် ကျပ်၄၃၀၀၀၊ ၂၀၂၀ ပြည့်နှစ်တွင် ကျပ် ၅၄၀၀၀ ရှိခဲ့သည်။၂၀၂၂ ခုနှစ် ဇူလိုင် တွင် ကျပ် ၈၈၀၀၀ အထိ ဈေးတက်လာခဲ့ခြင်း ဖြစ်ပါတယ်။
စကစရဲ့ ဒေါ်လာ အနုကြမ်းစီး ထိန်းချုပ်မှုကြောင့် ပြည်တွင်း ထုတ်ကုန် သွင်းကုန်လုပ်ငန်းများ ရပ်တံ့လုနီးပါး ဖြစ်နေပြီး ဒေါ်လာဈေးကွက်လည်း ပျက်လုနီးပါး ဖြစ်နေပြီ ဖြစ်ပါတယ်။
ဆန်တင်ပို့မှုများ ရပ်ဆိုင်းနေပြီး မြေပြင်မှာလည်း ဆေးဝါးများ ပြတ်တောက်နေကာ အခြေခံစားသောက်ကုန် ဈေးနှုန်းတွေလည်း အလွန်အကျွံမြင့်တက်နေတာ ဖြစ်ပါတယ်။
စကစအနေနဲ့ သီရိလင်္ကာလို မဖြစ်ဘူးလို့ ဘယ်လိုပဲ ဝါဒဖြန့်နေပါစေ၊ မြန်မာ့စီးပွားရေး ပြိုလဲမှုကတော့ သိသာ ထင်ရှားလာနေပြီ ဖြစ်ပါတယ်။