မိဘတိုင်းက သားသမီးတွေကို အကောင်းဆုံးတွေပဲ ပေးချင်ကြပါတယ်။ အချို့မိဘတွေက စည်းကမ်းတင်းကြပ်ပြီး အချို့ကတော့ အလိုလိုက်ကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်မသေချာရင်တောင် သင်ဟာ မိဘကောင်းတစ်ယောက်ဖြစ်ကြောင်း သိနိုင်မယ့် အချက်လေးတွေကို love media ကနေ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကလေးက သူ့ပြဿနာတွေကို သင်နဲ့ တိုင်ပင်ခြင်း
သင့်ရဲ့ကလေးက သူ့ရဲ့အောင်မြင်မှုတွေအကြောင်း၊ လုပ်နိုင်တဲ့အကြောင်း ပြောပြနိုင်တယ်ဆိုရင် အရမ်းကို ကောင်းမွန်ပါတယ်။ ဒါပေမယ့် ကလေးအများစုက သူတို့ရဲ့ပြဿနာတွေကို မိဘတွေကို မပြောရဲကြပါဘူး။ ကလေးတွေကို ပြောရဲဆိုရဲရှိအောင် ပြုလုပ်ပေးနိုင်တာဟာ ကောင်းမွန်တဲ့အရည်အချင်းတစ်ရပ်ပါပဲ။
၂။ အတန်းထဲမှာ ရတဲ့ အဆင့်သတ်မှတ်ချက်တွေကို ထည့်မတွေးခြင်း
သင့်ကလေးက အတန်းထဲမှာ အဆင့်မကောင်းရင်၊ အဆင့်ကျသွားရင် သင့်ကို ပြောပြဖို့ ကြောက်နေမှာပါ။ ကြောက်တတ်တဲ့ကလေးတွေက သူတို့ရဲ့အဆင့်တွေကို ဖုံးကွယ်ထားတတ်ပါတယ်။
မိဘတွေသိသွားတဲ့အခါမှာလည်း အရမ်းကို ကြောက်လန့်နေတတ်ပါတယ်။ အဆင့်ထက် စာကို တကယ်တတ်မြောက်ဖို့၊ ဗဟုသုတကြွယ်ဝဖို့က ကလေးအတွက် ပိုအရေးကြီးပါတယ်။
၃။ မိသားစုထဲမှာ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်နေရာတွေကို လေးစားမှုရှိခြင်း
ကလေးတွေက မိဘတွေရဲ့အခန်းထဲကို မဝင်ခင်မှာ တံခါးခေါက်သင့်ကြောင်း စည်းကမ်းချမှတ်ပေးတတ်ကြပါတယ်။ ဒါပေမယ့် အချို့မိဘတွေကတော့ ကလေးတွေရဲ့အခန်းကို ဝင်တော့မယ်ဆိုရင် တံခါးမခေါက်ကြပါဘူး။ ကိုယ်ပိုင်နေရာကို လေးစားမှုထားတတ်အောင် သင်ပေးတဲ့အခါ ကလေးကလည်း သင့်ကို အတုယူမှာပါ။
၄။ ကလေးကို အမြဲမဆူပူခြင်း
ကလေးကို ဝတုတ်ကြီး၊ ငပျင်း၊ အရူး စသဖြင့် နှိမ်ပြီးခေါ်တာ၊ ဘာလုပ်လုပ်အပြစ်ပဲ မြင်နေတာက စိတ်မလုံခြုံမှုကို ရရှိစေပါတယ်။ ငယ်ရွယ်သေးတဲ့ကလေးတွေကို ထိန်းကျောင်းတဲ့အခါမှာ စကားလုံးတွေကလည်း အရေးပါပါတယ်။ အမြဲနားဝင်လွယ်အောင် ပြောဆိုရင် ဆိုဆုံးမတဲ့အခါမှာလည်း မခက်တော့ပါဘူး။
၅။ မိဘတွေ မှားတဲ့အခါ ကလေးကို တောင်းပန်ခြင်း
ကလေးရော လူကြီးပါ အမှားနဲ့ မကင်းကြပါဘူး။ ဒါပေမယ့် မိဘတွေက ကလေးတွေကို တောင်းပန်တတ်အောင် သင်ကြားပေးပေမယ့် မိဘတွေကိုယ်တိုင်ကတော့ မှားတဲ့အခါမှာတော့ တောင်းပန်ဖို့ ဝန်လေးနေတတ်ကြပါတယ်။ အားနည်းချက်ကို ဝန်ခံတတ်တဲ့သူက အင်အားကြီးသူ ဖြစ်လာပါတယ်။
၆။ ကလေးရဲ့ဝါသနာကို မပိတ်ပင်ခြင်း
ကလေးတွေအတွက် သူတို့ဝါသနာကို လိုက်လျောပေးသင့်ပါတယ်။ သင့်ကလေးရဲ့ ပင်ကိုအရည်အသွေးကို လေ့လာပြီး သူတကယ်ဝါသနာပါတဲ့အရာကို မြေတောင်မြှောက်ပေးပါ။
၇။ ကလေးကို ယုံကြည်မှုပေးခြင်း
အချို့တွေက သင့်ကလေးအကြောင်းကို လာတိုင်ကြမှာပါ။ ဒေါသကြီးတဲ့မိဘတွေက ကလေးပြောတာကို နားမထောင်ဘဲ အရှက်ရအောင်လုပ်တယ်ဆိုပြီး ဆူပူနေမှာပါ။ တစ်ခါတရံ ကလေးက အကူအညီတွေ လိုအပ်တဲ့အခါ အမှားတွေကို မရည်ရွယ်ဘဲ လုပ်မိတတ်ပါတယ်။
အဲဒါကြောင့် ကလေးပြောတာကို သေချာနားထောင်ပေးပြီး သူ့အခက်အခဲတွေကို ဖြေရှင်းပေးလိုက်ရင် သင့်ကို အမြဲယုံကြည်လေးစားနေတော့မှာပါ။
Zombie (lovemedia)