KNU ရဲ့ ကူညီမှုဖြင့် CDM မိသားစုပြန်လည်ဆုံစည်းခွင့်ရ
ဩဂုတ်(၁၃)ရက် ||| နွေဦးအသံ |||
ဇူလိုင်(၂၀)ရက်မှာ အကြမ်းဖက်စကစတပ်ကို စွန့်ခွာပြီး CDM ပြုလုပ်ခဲ့တဲ့ ခမရ (၂၀၇)က ဒုတပ်ကြပ် ကျော်နိုင်စိုး ကို မှတ်မိကြဦးမှာပါ။
လွတ်မြောက်နယ်မြေကို ရောက်တယ်ဆိုရင်ပဲ ဟင်္သာတထွန်းရင် ရဲ့ “စိန်နားကပ်နဲ့ ပဲကြီးလှော်” သီချင်းကို ပျော်လွန်းလို့ တကြော်ကြော်အော်ဆိုခဲ့သူပါ။
KNU ရဲ့ ကူညီစောင့်ရှောက်မှုနဲ့ သူ့ရဲ့ ဇနီးသည်အပါအဝင် မိသားစုဝင်တွေလွတ်မြောက်နယ်မြေကို ရောက်ကြပါပြီ။

“အများကြီး အများကြီး ကျေးဇူးတင်တယ်၊ စိတ်လွတ်လပ်တယ်၊ ချုပ်နှောင်မှုလည်း မရှိဘူး၊ သူများစိတ်နဲ့ ကိုယ့်ကိုယ်လည်း မလုပ်ရဘူး၊ ပိုပြီးတော့လည်း လွတ်လပ်သလို ပိုပြီးတော့လည်း စိတ်ချမ်းသာသွားတယ်၊ အခုမှပဲ ခေါင်းပြားအောင် အိပ်ရတယ်ဆိုပြီးတော့ ကလေးတွေက အခုထက်ထိအောင် အိပ်နေတုန်း”
ဇနီးဖြစ်သူ ဒေါ်အုန်းထွေး က မိသားစုတွေ တစုတစည်းပြန်ဆုံနိုင်အောင် လုပ်ပေးတဲ့ KNU နဲ့ ပြည်သူ့ရင်ခွင် အဖွဲ့အစည်းကို ကျေးဇူးတင်စကားဆိုပါတယ်။
တပ်ထဲမှာတော့ လက်ပြန်ကြိုးတုပ်ထားတဲ့ပုံကိုပြပြီး အသတ်ခံရတယ်ဆိုပြီး သတင်းဖြန့်ထားတယ်လို့ ဇနီးသည်က နွေဦးအသံကို ပြောပြပါတယ်။
လက်တွေ့မှာတော့ KNU နဲ့ ပြည်သူ့ရင်ခွင် အဖွဲ့အစည်းက မိသားစုနဲ့ပါ ပြန်ဆုံနိုင်ဖို့ ကူညီပေးတဲ့အတွက် CDM ဒုတပ်ကြပ်ကျော်နိုင်စိုးက ပီတိဖြစ်နေပါတယ်။
“ကျနော့်ဆီ မရောက်မချင်းတော့ လမ်းမှာ အခက်အခဲနဲ့ ကြုံမှာ စိုးလို့ဆိုပြီး ပူပင်သောကများနေရတာပေါ့၊ အခုကျနော့်ဆီ ရောက်လာကြတော့ အတိုင်းအတာထက်မက ပိုပြီး ဝမ်းသာသွားတာပေါ့”
“ကျနော့်လိုပဲ လွတ်လွတ်လပ်လပ်နဲ့ အခုလို စိတ်ချမ်းချမ်းသာသာနဲ့ပေါ့၊ မိသားစုနဲ့လည်း စည်းစည်းရုံးရုံးနေရမယ် မခွဲမခွာနေရမယ်၊ ကျနော့်လိုပဲ ပြည်သူလူထုဘက်ကို လာခိုလှုံချင်တယ်ဆိုရင်တော့ အချိန်မရွေး လက်ကမ်းပြီး ကြိုဆိုနေပါတယ်”
ဒါကတော့ ဘဝတူ ရဲဘော်ရဲဘက်တွေဆီ CDM ဒုတပ်ကြပ်ကျော်နိုင်စိုး ပါးချင်တဲ့ စကားပဲ ဖြစ်ပါတယ်။
မိသားစု နဲ့ ပြန်ဆုံရတဲ့အခါ အပျော်ကို မထိန်းနိုင်တော့ဘဲ သီချင်းတပုဒ်ကို သူဆိုမိပြန်ပါပြီ။
ဇနီးသည်ကို ကြည့်ပြီး ခံစားချက်အပြည့်နဲ့ သီဆိုထားတဲ့
CDM ဒုတပ်ကြပ် ကျော်နိုင်စိုး ရဲ့ သီချင်းကို မျှဝေလိုက်ပါတယ်။
KNU ရဲ့ ကူညီမှုနဲ့ သူတို့ မိသားစုတွေ လုံခြုံစွာ ပြန်ဆုံစည်းခွင့်ရကြတာပါ။
ရိုက်ကူးတင်ဆက်©အောင်နွေထက်



