ၾကားသိရသမွ်

ကျပ်ငွေ တန်ဖိုးတွေ ဆက်တိုက်ကျဆင်းနေချိန်မှာ ငွေစက္ကူအတု အများအပြား မန္တလေးမှာ ဖမ်းမိ

မန္တလေးမြို့မှာ တစ်သောင်းကျပ်တန်ငွေစက္ကူအတု လက်ဝယ်ထားရှိသူ နှစ်ဦးကို ဖမ်းဆီးရမိတယ်လို့ သတင်း ရရှိပါတယ်။ သြဂုတ်လ ၁၁ ရက်နေ့က၊ အမရပူရမြို့နယ် တောင်သမန်ကန်ပတ် လမ်း ပေါ်မှာ ဆိုင်ကယ်မောင်း နှင်လာသူ အမျိုးသားနှစ်ဦးကို တားဆီးစစ် ဆေး ရာကနေ ငွေစက္ကူအတုတွေ ဖမ်းဆီးရမိလိုက်တာ ဖြစ်တယ်လို့ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေဆီကတစ်ဆင့် သိရပါတယ်။

အဲဒီနေ့နေ့လယ်ပိုင်းက၊ ပြည်ကြီးတံခွန်မြို့နယ်ထဲ နေထိုင်သူတွေဖြစ်တဲ့ ဇော်မင်းထွေးနဲ့ လှိုင်ဖြိုးဟိန်းတို့ဟာ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ တောင်သမန် ကန်ပတ်လမ်းအတိုင်းမောင်းနှင်လာစဉ်၊ စစ်ကောင်စီစစ်ဆေးရေးအ ဖွဲ့နဲ့တန်း တိုးကနေ မသင်္ကာလို့စစ်ဆေးတာမှာ တစ်သောင်းကျပ်တန်ငွေစက္ကူအတု(၆၆) ရွက်ဖမ်းဆီးရမိခဲ့ တယ်လို့ သိရပါတယ်။

စစ်ဆေးချက်အရ ငွေစက္ကူအတုဖြန့်ဝေခိုင်းတဲ့ ရန်ကုန်မြို့ က အောင်ကောင်းမြတ်နဲ့ အမရပူရ မြို့နယ်ထဲနေထိုင်တဲ့သီဟအောင်တို့ဟာ ပြည်ကြီးတံခွန်မြို့နယ်ထဲက စားသောက်ဆိုင်တစ်ခုမှာရောက်နေတယ် လို့သိရ တာကြောင့် သွားရောက်စစ်ဆေးခဲ့တာမှာ တစ်သောင်းကျပ်တန် ငွေစက္ကူ အတု(၁၆၅)ရွက်ထပ်မံဖမ်းဆီး ရမိခဲ့တယ်လို့လည်းသိရပါတယ်။

အောင်ကောင်းမြတ်ရဲ့ထွက်ဆိုချက်အရ အဲဒီငွေစက္ကူအတု တွေဟာ၊ ပြင်ဦးလွင်မြို့နေသူနေစိုးလတ် ဆီကရယူခဲ့တာဖြစ်တယ်လို့သိရလို့ နေစိုးလတ်ရဲ့အိမ်ကိုလည်း သွားရောက်စစ်ဆေးခဲ့တာမှာ တစ်သောင်းကျပ် တန်ငွေစက္ကူအတု (၃၅၇) ရွက်နဲ့အတူ လုံခြုံရေးကြိုးစတစ်ကာနှစ်ခု၊ ကွန်ပျူတာ တစ်စုံနဲ့ဆက်စပ်ပစ္စည်းတွေ ဖမ်း ဆီးရမိခဲ့ကြောင်း၊

အလားတူ သီဟအောင် ရဲ့ထွက်ဆိုချက်အရ ကျွဲဆည်ကန်(ချမ်းမြရွှေပြည်)ယာယီကားဝင်းထဲ က ကားဂိတ်တစ်ခုမှာ မထုတ်ယူရသေးတဲ့ပါဆယ်အိတ်ထဲကနေ တစ်သောင်းကျပ် တန်ငွေစက္ကူအတုအရွက် လေးဆယ် ထပ်မံဖမ်းဆီးရမိကြောင်း၊ ဖမ်းဆီးရမိတဲ့ ငွေစက္ကူအတုတွေကို ရှာဖွေပုံစံနဲ့သိမ်းဆည်းပြီး ၎င်းတို့ငါးဦး ကို အမရပူရမြို့ နယ် မြို့မရဲစခန်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အရေးယူထားကြောင်း သိရပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ(၁၈)ရက်နေ့ကလည်း၊ ချမ်းမြသာစည်မြို့ နယ်ထဲကတည်းခိုခန်းတစ်ခုမှာတည်းခို နေတဲ့အမျိုးသားသုံးဦးဆီကနေ ငွေ စက္ကူ အတုတွေဖမ်းဆီးရမိခဲ့ပြီး၊ ဇူလိုင်လ(၂၉)ရက်နေ့ကလည်း ငွေစက္ကူအတုအရောင်းအဝယ်လုပ်နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါသေးတယ်။

မြန်မာကျပ်ငွေ တန်ဖိုးတွေ ကျဆင်းလာလို့ ပြည်သူများ သောက ရောက်နေချိန်မှာ ယခုလို ငွေစက္ကူအတု အမြောက်အမြား ဖမ်းမိတာကြောင့် ဈေးကွက်ထဲမှာ ငွေစက္ကူအတုတွေ အများအပြား ပျံ့နှံနေမှာကို ပြည်သူတွေက စိုးရိမ်နေကြတယ်လို့ သိရပါတယ်။