ဗဟုသုတ

ဦးသုခ ဒုက္ခရောက်ရတဲ့ ဂုဏ် ဂုဏ် ဂုဏ် နဲ့ ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်ဘုရားကြီး သာဓုခေါ်ခဲ့တဲ့ ဘဝသံသရာ

ဦးသုခ ဒုက္ခရောက်ရတဲ့ ဂုဏ် ဂုဏ် ဂုဏ်

ဘဝသံသရာဆိုတာက ဒါရိုက်တာ ဦးသုခ ရိုက်ကူးတဲ့ ‘ဘဝသံသရာ’ ရုပ်ရှင်ဇာတ်ကားထဲက ဘဝသံသရာဆိုတဲ့ ဇာတ်ဝင်သီချင်းဖြစ်တယ်။ ဂုဏ်ဆိုတာကတော့ ဦးသုခပဲ ရိုက်ကူးတဲ့ ‘သည်ဆောင်းဟေမာန်’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်တေးသီချင်း ဖြစ်ပါတယ်။

သီချင်းနှစ်ပုဒ်စလုံးရဲ့ တေးစာသားတွေကို ဦးသုခပဲ ရေးတယ်။ ဇာတ်ကားနှစ်ခုစလုံးရဲ့ ဝတ္ထုဇာတ်ညွှန်းကလည်း ဦးသုခပဲ။ ဘဝသံသရာသီချင်းကို မြို့မဦးဘသိန်းက သံစဉ်ထည့်သွင်းပေးပြီး ‘ဂုဏ်’ သီချင်းကိုတော့ ရွှေပြည်အေးက သံစဉ်ထည့်ပေးတယ်။ သီချင်းနှစ်ပုဒ်စလုံးကို ဦးသုခပဲ ဆိုထားတယ်။ ဒီသီချင်းနှစ်ပုဒ်စလုံး အထူးအောင်မြင်ကျော်ကြားပြီး ရုပ်ရှင်ထက်ကို အောင်မြင်တယ်လို့ ထိုခေတ်ထိုအခါက ရုပ်ရှင်ဝေဖန်သူတွေက မှတ်ချက်ပြုတယ်။

အောင်မြင်တာချင်းတူပေမယ့် အောင်မြင်ပုံအောင်မြင်နည်း မတူလို့ သီချင်းဖန်တီးသူလည်းဖြစ်၊ ရုပ်ရှင်ရိုက်ကူးသူလည်းဖြစ်၊ သီဆိုသူလည်းဖြစ်တဲ့ ဦးသုခတယောက် စိတ်သောက ရောက်ခဲ့ရဖူးတယ်။ ကြံစည်တိုင်းလည်း ဖြစ်မလာတတ်တဲ့ လောကသဘာဝလို့ ဆိုရမလားပါပဲ။ သည်ဆောင်းဟေမာန် ရုပ်ရှင်ဇာတ်ကားပါ ဂုဏ်သီချင်းနဲ့ စပါမယ်။

“ဂုဏ် ဂုဏ် ဂုဏ် ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် …

ငွေကိုရေလိုသုံးရင် တပြည်လုံးမှာ လုပ်သမျှတင့်တယ်…

စိတ်ညစ်လို့ အရက်ကိုသောက်တယ် …

အရက်သောက်တော့ စိတ်တွေညစ်တယ် …

အကြောင်းရှာတော့ ခေါင်းမှာ ချာချာလည် …

ယောက္ခမကြီးက မျက်နှာချိုမယ် …

ကိုယ့်မယားက စေတနာပိုတယ် …

သောက်ကွယ် ရမ်းမယ် … လမ်းလယ်မှာဆဲဆဲ … လူကိုတွဲလို့ အိမ်ထဲခေါ်မယ် …

အို … ငွေ ငွေ ရေလိုဖြုန်းမယ် သောက်မယ်စားမယ် ပျော်မယ်ပါးမယ် …

အချစ်ဆိုတာကစားပြမယ် …. ယခုဘဝဝယ် ဘယ်သူ့မှမကြွယ် …

တသက်လုံးပဲ မိုက်ပြပါတော့မယ် …”

သည်ဆောင်းဟေမာန်ဇာတ်လမ်းက စန္နရားဆရာ သိန်းဟန် (ကျော်ဆွေ) က လူကြီးချင်း သဘောတူထားတဲ့ အမာကြူနဲ့ အချစ်နယ်ကျွံမိကြပြီးတဲ့နောက် မော်လမြိုင်မှာရှိတဲ့ သူငယ်ချင်းအိမ် သွားလည်ရင်း မြင့်မြင့်နဲ့ လက်ထပ်လိုက်ရတယ်။

သတိရလို့ ပဲခူးက အမာကြူရဲ့အိမ် သွားကြည့်တော့ အမာကြူ (မေသစ်)၊ ကိုဘသက် (ဇေယျ) နဲ့ ကလေးတယောက်တို့ တွေ့မြင်လိုက်တော့ သူတို့အိမ်ထောင်ကျပြီး ကလေးတောင်ရနေကြပြီလို့ သိန်းဟန်က ထင်လိုက်တယ်။

တကယ်တော့ သိန်းဟန်နဲ့ရတဲ့ ကိုယ်ဝန်ကြောင့် အမာကြူ မိဘတွေက ကိုဘသက်နဲ့ ပေးစားလိုက်ကြတာ ဖြစ်တယ်။ အဖြစ်မှန်ကိုမသိတဲ့ သိန်းဟန်က မူးမူးရူးရူးနဲ့ ဂုဏ်သီချင်းဆိုပြီး ဇာတ်ကားထဲ အသည်းကွဲပြတယ်။ ဦးသုခ ဆိုလိုချင်သည်က အောင်မြင်တဲ့ အနုပညာသည်တွေဟာ ထိန်းထိန်းသိမ်းသိမ်းမနေရင် အောင်မြင်မှုကြောင့်ပဲ ဘဝပျက်သည်အထိ ကျဆုံးရတတ်တယ်လို့ ဂုဏ်သီချင်းနဲ့ ဖွဲ့ဆိုတာဖြစ်တယ်။

မဂ္ဂင်ရှစ်ပါးပါ မှန်ကန်သောအမြင် သမ္မာဒိဋ္ဌိ မရှိရင်၊ မဖြစ်ရင် နောက်ဆက်တွဲအဖြစ် အမြင်မှားတတ်တယ်ဆိုတာကို ဖွဲ့ဆိုတဲ့ အကြောင်းရှာတော့ ခေါင်းမှာချာချာလည်၊ မှန်ကန်စွာမကြံစည် မတွေးတောတတ်တော့။

အို … ငွေ ငွေ ရေလိုဖြုန်းမယ် သောက်မယ်စားမယ် ပျော်မယ်ပါးမယ်၊ သမ္မာကမန္တ မှားယွင်းတဲ့အလုပ်များကို လုပ်မိတယ်။ မကောင်းမှုမှာသာ ပျော်ပိုက်ပြီး သမ္မာသတိ မရှိဘဲ ဆက်တိုက်မှားလာတဲ့အခါ အကျင့်သီလပျက်ပြား သမ္မာသမာဓိ ပျက်ပြားပြီး အသက်ဆုံးလျှင် ဆုံးပါစေတော့ သဘောထားလာ၊ လူ့ဘဝတကယ် ပျက်ပြုန်းစေတော့ တသက်လုံးပဲ မိုက်ပြပါတော့မယ်။ ဂုဏ်သီချင်းကို မဂ္ဂင်ရှစ်ပါး နောက်ခံစိတ်ကူးနဲ့ ရေးစပ်ခဲ့ပေမယ့် လူမိုက်အားပေးသီချင်း ဖြစ်သွားခဲ့တယ်။

စိတ်ညစ်လို့ အရက်ကိုသောက်တယ် အော်ဆိုပြီး အရက်ကို မြည်းစမ်းကြည့်ခဲ့ကြတယ်။ ယောက္ခမကြီးက မျက်နှာချိုတယ် … ကိုယ့်မယားက စေတနာပိုတယ် ဆိုပြီး ရိတိတိလုပ်လာသူများ၊ သောက်ကွယ် ရမ်းကွယ် လမ်းလယ်မှာဆဲဆဲ လူကိုတွဲလို့ အိမ်ထဲခေါ်မယ်ဆိုပြီး ရမ်ကားသူများ၊ လူ့ဘဝတကယ် ပျက်စေတော့ တသက်လုံးပဲ မိုက်ပြပါတော့မယ် ဆိုပြီး မိုက်တွင်းနက်သူများ ပေါ်ခဲ့တယ်။ သီချင်းစာသားရေးတဲ့ ဦးသုခ အတော်စိတ်ညစ်ခဲ့ရတဲ့ သီချင်းပါ။

နောက်တပုဒ်က ‘ဘဝသံသရာ’ သီချင်း။

“ဘဝသံသရာ … ရှည်လျားထွေပြား … မနေမနား တသွားတည်းသွားကြတာ … ခရီးပန်းတိုင် မရောက်မချင်း တယောက်ဆင်း တယောက်တက် ဆက်လက် ထွက်ခွာလာ …”

‘ဘဝသံသရာ’ ဇာတ်ကားရိုက်ဖြစ်ပုံက သည်ဆောင်းဟေမာန် ဇာတ်ကားနဲ့ ပတ်သက်ဆက်နွယ်နေတယ်။ ဦးသုခက သည်ဆောင်းဟေမာန် ဇာတ်ကား မအောင်မြင်ရင် သူ ရုပ်ရှင်နယ်က အပြီးထွက်ခွာမယ်လို့ စိန်ခေါ်ရိုက်ခဲ့တယ်။ ဇာတ်ကား ရန်ကုန်မှာ ရုံတင်ခါနီးတော့ ဦးသုခ စိတ်လှုပ်ရှားပြီး မန္တလေးတက်ခဲ့တယ်။

မန္တ‌လေးမှာ မိတ်ဆွေ ကာယဗလ ဦးနေဝင်းနဲ့တွေ့တော့ ဦးနေဝင်းက ရုပ်ရှင်ထုတ်လုပ်ဖို့ စိတ်ဝင်စားပြီး မန္တလေးရုပ်ရှင်ဆိုပြီး ထူထောင်လိုက်ကြတယ်။ မန္တလေးရုပ်ရှင်ရဲ့ ဗွေဆော်ဦးကားကိုရိုက်ဖို့ ဦးသုခကို အပ်ကြရာကနေ ဘဝသံသရာဇာတ်ကား ရိုက်ဖြစ်ခဲ့ကြတာပါ။ (သည်ဆောင်း‌ဟေမာန် ဇာတ်ကား ရန်ကုန်မှာရုံတင်တာ အောင်မြင်တယ်ကြားမှ ဦးသုခက ရန်ကုန်ပြန်ဆင်းခဲ့တာပါ)။

ဦးသုခက လယ်တီဆရာတော်ဘုရားကြီးရဲ့ ပဋိစ္စသမုပ္ပာဒ်လင်္ကာကို မှီငြမ်းပြုပြီး ရေးစပ်ခဲ့တယ်။ ဘဝသံသရာဇာတ်ကားထဲမှာ မေသစ်ဟာ အေးကြူနဲ့ အချစ်နယ်ကျွံခဲ့ရာက ထွက်ပေါက်ရလိုရငြား မမြင်ဖူးတဲ့ အေးကြူမိဘများရှိရာ မရောက်ဖူးတဲ့ မြို့ကို ရထားနဲ့သွားခဲ့တယ်။ မဖြစ်လိုတာတွေဖြစ်ခဲ့ရတဲ့ မိမိဘဝအကြောင်း ရထားပေါ်မှာ စဉ်းစားရင်း အတက်အဆင်း အကွေ့အကောက်များရှိတဲ့ လမ်းခရီးတလျှောက် ဘူတာစဉ်မှာ စိတ်အထွေထွေရှိတဲ့ လူအမျိုးမျိုးတို့ တက်လိုက်ဆင်းလိုက် လုပ်နေကြတာကို မေသစ် မြင်ရတယ်။

မေသစ်အပါအဝင် လူတွေဟာ မသိမှုအဝိဇ္ဇာကြောင့် လုပ်ကိုင်ပြောဆိုခြင်း၊ သင်္ခါရပေါင်းများစွာကိုပြုပြီး မည်သည့်ဘဝရောက်မည်ကို ကြိုမသိနိုင်တဲ့ အတက်အဆင်း အကွေ့အကောက်များစွာရှိတဲ့ သံသရာခရီးရှည်ကြီးကို နှင်နေကြရတယ်။ ခရီးနှင်ရင်း ဖြစ်လိုတာတွေမဖြစ်၊ မဖြစ်လိုတာတွေ ဖြစ်နေကြရတယ်၊ လယ်တီဆရာတော်ကြီးရဲ့ သံသရာခရီးကြမ်း ရေးဖွဲ့မှုကို အမှီပြုအတုယူပြီး ဦးသုခကရေး၊ ဦးဘသိန်းက သံစဉ်ထည့်၊ ဦးသုခကပဲ သီဆိုခဲ့တယ်။

သီချင်းနောက်ခံ မြင်ကွင်းတခုအဖြစ် မေသစ်ကို သယ်ဆောင်လာတဲ့ရထား ရှမ်းပြည်နယ်၊ ဟဲဟိုးနဲ့ ရွှေညောင်အကြား မိုင်တိုင် ၃၇၉ ရှိ နမ်နွိုင်း တံတားပေါ်က ဖြတ်သွားပုံကို ထည့်သွင်းရိုက်ကူးခဲ့တယ်။

ရထားဟာ တံတားကိုဖြတ်ပြီးတဲ့နောက် အနိမ့်အမြင့် အကွေ့အကောက်ရှိတဲ့ ခရုပတ်လမ်းအတိုင်း ဝေ့ကာဝိုက်ကာ ခုတ်မောင်းပြီး တံတားအောက်တည့်တည့်ကို ရောက်သွားတယ်။ ဒီမြင်ကွင်းဟာ ဘဝသံသရာဇာတ်ကားနဲ့သီချင်းကို ကောင်းကောင်း ပံ့ပိုးပေးလိုက်နိုင်ခဲ့သလို အဲ့ဒီတံတားဟာလည်း ‘ဘဝသံသရာတံတား’ လို့ လူသိများသွားပါတော့တယ်။

ဘဝသံသရာဇာတ်ကား အောင်မြင်ခဲ့သလို ဘဝသံသရာသီချင်းဟာလည်း တောရောမြို့ပါမကျန် အောင်မြင်ခဲ့တယ်။

တနေ့ ဦးသုခ မန္တလေးရောက်တုန်း ရွှေကျင်သာသနာပိုင် သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီးကို ဝင်ဖူးတော့ ဘဝသံသရာသီချင်း ဖန်တီးရှင်မှန်းသိတာနဲ့ ဆရာတော်ကြီးက သာဓုအနုမောဒနာ ခေါ်တော်မူတယ်။ ဘဝသံသရာသီချင်းကို မူလက ဦးသုခ တယောက်တည်းအဆို၊ ဦးသုခနဲ့ မေသစ်နှစ်ဦးပေါင်း အဆိုဆိုပြီး အသံသွင်းခဲ့တယ်။

နောက်ပိုင်းမှာတော့ ဦးသုခတယောက်တည်း အဆိုအပြောနဲ့ ဓာတ်ပြားထွက်ခဲ့တယ်။ ဦးသုခကလည်း ဆိုင်းဝိုင်းကြီးနဲ့ နယ်အချို့မှာ သီချင်းဆိုရင်း ဟောပြောမှုလုပ်ခဲ့တယ်။ သည်ဆောင်းဟေမာန်ဇာတ်ကားက ဂုဏ်သီချင်းဟာ အရက်အားပေး လူမိုက်အားပေးဖြစ်ခဲ့သမျှကို ဘဝသံသရာသီချင်းနဲ့ အာပတ်ဖြေနိုင်ခဲ့တယ်လို့ ဦးသုခက မကြာခဏ ပြောခဲ့ပါသတဲ့။

ရှေးဖြစ်ဟောင်း အောက်မေ့ဘွယ်ရာ ဘဝသံသရာ နှင့် ဂုဏ်။

“ဘဝသံသရာ”
တေးရေး – စာသား ဦးသုခ
သံစဉ် – ဦးဘသိန်း

ဘဝသံသရာ ရှည်လျားထွေပြား မနေမနား တသွားတည်းသွားကြတာ

ခရီးပန်းတိုင် မရောက်မချင်း တယောက်ဆင်း တယောက်တက်

ဆက်လက်ထွက်ခွာလာ။

လောဘရယ် ဒေါသရယ် မောဟရယ် အဝိဇ္ဇာ ပစ္စယာ သင်္ခါရာ

ပျော်လိုက်ရွှင်လိုက် ငိုကာရယ်ကာ ဘယ်ဟာမတည်မြဲ

ဖောက်လွှဲဖောက်ပြန် အကြောင်းခံ ကမ္မသကာ။

ဖြစ်ချင်တာလည်း မဖြစ်ရတာ၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရပါ

သုံးဆယ့်တဘုံ ဝဋ်အတွင်းရောက်တော့

ကရွတ်ကင်း လျှောက်တဲ့ တေဘုမ္မာ

အဲဒါ … အဲဒါ … အဲဒါ ဘဝသံသရာ။

(ဘဝသံသရာဇာတ်ကား ဇာတ်ဝင်တေးဖြစ်သည်။)

“ဂုဏ်”
တေးရေး – စာသား ဦးသုခ
သံစဉ် – ရွှေပြည်အေး

စိတ်ညစ်လို့အရက်ကိုသောက်တယ်၊ အရက်သောက်တော့ စိတ်တွေညစ်တယ်၊
အကြောင်းရှာတော့ ခေါင်းမှာချာချာလည်၊ တခုပဲသိတယ်၊ လောကကြီးမှာ ပိုက်ဆံမရှိရင် မျက်နှာမျက်နှာငယ်။

ဂုဏ် … ဂုဏ် … ဂုဏ် … ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်၊ ငွေကိုသာရေလိုသုံးရင် တပြည်လုံးမှာ လုပ်သမျှတင့်တယ်။ ဂုဏ် … ဂုဏ် … ဂုဏ် … ဂုဏ်ဆိုတာ ငွေကိုခေါ်တယ်။ ငွေကိုသာရေလိုသုံးရင် တပြည်လုံးမှာ လုပ်သမျှတင့်တယ်။

ယောက္ခမကြီးက မျက်နှာချိုမယ်၊ ကိုယ့်မယားကစေတနာပိုတယ်၊
ယောက္ခမ … ယောက္ခမ မျက်နှာချိုမယ်၊ ကိုယ့်မယားက စေတနာပိုတယ်။

အို … လောကမှာလေ သောက်ကွယ်၊ ရမ်းကွယ်၊ လမ်းလယ်မှာဆဲဆဲ လူကိုတွဲလို့ အိမ်ထဲခေါ်မယ်။ လူမှာသာ ငွေမရှိရင် လင်ယူမိတာ နာတယ်ထင်တယ်၊

ယောက္ခမအိမ်ထက် သားမက်မှာ မျက်နှာငယ် … မျက်နှာငယ်၊

ဒါတွေကို ငါသိပြီကွယ် အချစ်ဆိုတာ လောကမှာ နားမလည်
ငွေ … ငွေ ရအောင်ရှာမယ်

အို … ငွေ ငွေ ရေလိုဖြုန်းမယ်၊ သောက်မယ်စားမယ်၊ ပျော်မယ်ပါးမယ်၊
အချစ်ဆိုတာကစားပြမယ် ယခုဘဝဝယ် ဘယ်သူ့မှမကြွယ်

လူ့ဘဝတကယ် ပျက်ပြုန်းစေတော့
တသက်လုံးပဲ မိုက်ပြပါတော့မယ်။

(သည်ဆောင်းဟေမာန်ဇာတ်ကား ဇာတ်ဝင်တေးဖြစ်သည်။)

ကိုရွှေအောင်