သားသမီး၇ယောက်ကို ဝမ်းဝအောင်ကျွေး ခါးလှအောင် ဆင်ခဲ့ပေမယ့် အိမ်ပြန်ခရီးတိုင်းကို.ပင်ပန်းလိုက်တာဆိုပြီး မငြီးခဲ့သလို ဆင်းရဲလိုက်တာဟာဆိုပြီးလည်း အဖေ့မျက်ရည်.မြေမခခဲ့ပါဘူး. အဖေ့လက်ကို ဆွဲ၍ သွားလေရာ..မခွာတဲ့ ဖေချစ်သမီလေး..အငယ်ဆုံးလေးမို့ အချစ်ပို၍သာ ခွဲခွာမည့်အရေး တွေးပြီးရတက်မအေးပဲ ငိုရှာတဲ့ အဖေ…
သင်တန်းသွားကာနီးကို ”မသွားပါနဲ့ သမီးရယ် အဖေနဲ့ပဲ အတူနေပါ..”ဆိုပြီး တုန်ရီအက်ကွဲတဲ့ အသံကြီးနဲ့ ”အဖေက နေဖို့နဲ့ သေဖို့ဆိုရင် သေဖို့ကနီးနေပါပြီ.အဖေမသေခင်လေး အဖေနဲ့ပဲအတူနေရအောင်ပါကွာ..မသွားနဲ့နော်သမီး” ဆိုပြီး ရှိုက်သံလေးနဲ့ ပြောရှာတယ်။ သူ့ကြည့်တော့လည်း အရိုးပေါ်အရေတင် ခန္ဓာလေးနဲ့.. အကျဘက်ကို ဦးတည်နေတဲ့ အဖေ
သားသမီး ၇ယောက်မွေးထားပေမယ့် အဖေက အငယ်ဆုံးအထွေးဆုံးလေးဖြစ်တဲ့ ကိုယ့်အချစ်ဆုံး မထိရက် မဆူရက် မရိုက်ရက်အစားအစာဆိုလည်း..ဘယ်သဝေထိုးနေနေ အဖေက ငါ့သမီးလေးစားဖို့ဆိုပြီး အမြဲချန်ထားတာ..ကိုယ်ကလည်း အပေါင်းအသင်းစုံလို့ အဖေ အရက်သောက်ဖြစ်ရင်တောင် လိုက်ပြီး အိမ်ပြန်လာတဲ့အခါ..အဖေမသောက်ပါဘူးဆိုပြီး အဖေ့ကို အရက်နံ့ပျောက်အောင် မာလကာရွက်ကျွေးပြီး အမေ့ကို ကူညာခဲ့တာ။
ကိုယ်အရိုက်ခံရလည်း အဖေက ကာဆီးကာဆီးနဲ့ တအိမ်လုံးမှာမိသားစု ၉ယောက်ကို ၇ယောက်နဲ့ ၂ယောက် ဖိုက်တဲ့ ရဲဘော်ရဲဘက်..ကူဖော်ကူဖက်တွေ မိသားစုများပေမယ့် အဖေတစ်ခု သမီးတစ်ခုဘဝရဲ့ မေတ္တာအသိုက်အမြုံလေးကနေ အဖေ့အရိပ်အောက်က ထွက်မယ့်သမီးကို အိပ်ယာထက်မှာ..ခွေခွေလေးနဲ့ မသွားပါနဲ့သမီးရယ် ဆိုပြီးတားရင်းငိုချင်းချခဲ့တာတွေ မမေ့ဘူး.သားအဖ၂ယောက်လွမ်းခန်းလေးကို
ကိုယ်ဖြစ်ချင်တာ ရအောင်လုပ်မယ် ”သင်တန်းဆင်းရင် အဖေ့ကိုပြန်လာခေါ်မယ်နော် နေကောင်းအောင်နေပေးပါ”ဆိုပြီး ဦးလေးချပြီး အဖေ့မျက်ရည်တွေကို မိုက်မိုက်ကန်းကန်း ကျောခိုင်းပစ်ခဲ့တယ်
ကိုယ့်လစာလေးကိုယ်ရရင်.အဖေ့ဆန္ဒတွေ ဖြည့်ဆည်းပေးမယ်အဖေ့လုပ်ချင်တာ ဖြည့်ဆည်းပေးမယ်..အဖေနဲ့အတူနေမယ်။ ရဲဖြစ်သွားရင် စူပါမန်းလို..တန်ခိုးထွားမယ်ပဲထင်ခဲ့တာ ဝန်ထမ်းဖြစ်ပြီးမှ..ဝန်ထမ်းဆိုတာ သူများဝန် ထမ်းရတဲ့ပုဂ္ဂိုလ်တွေမှန်းသိတယ်။
ဒီလိုနဲ့..နေ့ကနေလ…လကနေ နှစ်တွေပြောင်းရင်း ၆နှစ်တိုင်တိုင် ကြာခဲ့တယ်။ အဖေ့ရင်ခွင်က ထွက်ခဲ့တဲ့ အဖေ့သမီးလေးလည်း လောကကြီးထဲမှာ..တောင်ကမ်းကပ်လိုက် မြောက်ကမ်းကပ်လိုက်နဲ့ ပြေးရင်းလွှားရင်း ရုန်းကန်လှူပ်ရှားခဲ့ရတာပေါ့။
သစ်ပင်အိုကြီးလည်း ရွက်ဟောင်းတွေကြွေနေပြီ…အဖေလည်း.. ခါးလေးကုန်းပြီး အားလည်း..ချိနေပြီ သင်တန်းပြီးလည်း.ဖုန်းပဲဆက်ပြီး အတူနေခွင့်မရခဲ့ဘူး..အခုမှသာ အဖေ့ကို ခေါ်ထားပြီး အဖေနဲ့..အတူနေခွင့်ရတယ် အဖေရောက်ကာစဆို..ပိန်လှီနေတဲ့ ကိုယ်ခန္ဓာလေးကြည့်ပြီး..ကွယ်ရာမှာငိုခဲ့ရတာ ဝေးကွာခဲ့တဲ့ ၆နှစ် ၇နှစ်အတွင်း အဖေရဲ့.အိုစာမှုလေးကို စိတ်မကောင်းလို့ အဖေ့ကို မကြုံခိုင်းချင်သေးဘူး။
”သူအို သူနာ သူသေ”ဆိုတဲ့ လောကနိယာမရယ် ရှောင်လွှဲလို့မရတဲ့ ”သေခြင်းတရား” ဆိုတဲ့ သဘာဝတရားကြီးရယ်နဲ့..မတွေ့စေချင် မဖြစ်စေချင်သေးပါဘူး.. ပစ်မှားမိတဲ့ကံမရှိပေမယ့် ပစ်ထားမိတဲ့ကံတွေပါ အဖေရယ်.
အခုလိုလေး နေခွင့်ပြုစုခွင့် ရရင် ဘဝကြီးက နေပျော်ပါတယ်။ အသက်ရှည်ရှည်နေပေးနော်.. ဇရာတွေပြလို့ အိုစာပါစေ ခါးတွေကိုင်းလို့ ခြေလက်တွေချိနဲ့ပါစေ… ကလေးလေးလို ရေချိုးပေးချင်တယ်အရိုးအဆစ်တွေနာရင် ကလေးလေးလို ဆေးလူးပေးချင်တယ်။ခေတ်မမှီလို့မသိတဲ့အကြောင်းတွေဆို ကလေးတစ်ယောက်လို ရှင်းပြချင်တယ်။
ကိုယ့်ခြေကိုယ့်လက်နဲ့ စားရတာအဖေအဆင်မပြေရင် ကလေးလေးလိုပဲ ထမင်းဟင်း ခွံ့ကျွေးချင်တယ် ကလေးလေးလိုပဲ လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးချင်တယ်.အဖေစိတ်ချမ်းသာမယ်ဆိုရင် အဖြေကိုက်တဲ့ ဘီယာလေးပါ အပါပေါ့
အားတော့ နာပါရဲ့ အဖေ လခစား.ဝန်ထမ်းတစ်ယောက်ရဲ့ဘဝမှာ တော့ အဖေ့အိမ်လောက် မစိုပြေခဲ့ မပြည့်စုံခဲ့လှပါဘူး.. မေတ္တာတရားနဲ့ ပြည့်နေတဲ့ ရင်ထဲမှာတော့ အဖေက သမီးရဲ့ သူရဲကောင်းအဖေက သမီးရဲ့ ဖခင်ကောင်း အဖေက သမီးရဲ့ သူငယ်ချင်းကောင်း အဖေက သမီးရဲ့ ရဲဘော်ရဲဘက် အဖေက သမီးရဲ့ အချစ်ဦးအ ဖေက သမီးအတွက် ကမ္ဘာပေါ်မှာ နာကျင်ခံစားရအောင် မလုပ်တဲ့ တစ်ဦးတည်းသောယောကျာ်း
ပြောင်းပြန် အချိုးကျချင်တာက သမီးက အဖေ့ရဲ့ အိုတောင်ဝှေးလေး… သမီးငယ်ငယ်က အဖေသွားလေရာလက်ဆွဲခေါ်တယ်။အပေါင်းအဖော်တွေကြား မော်ကြွားပြီးပြောတာက ဒါလေးက ငါ့ရဲ့ ”အို တောင်ဝှေးလေး”ဆိုပြီး ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ ပြောခဲ့သလို အဖေအိုတဲ့အခါ တောင်ဝှေးလေးလို အားကိုးရစေချင်တာပေါ့..
သင်္ခါရသဘောတရားအတိုင်း ဘဝတစ်ခုရဲ့..နေဝင်ချိန်ရောက်ခါနီးပြီမို့ အသက်တွေကြီးတဲ့အခါ ထမီမနိုင် ပုဆိုးမနိုင် ကျင်ကြီးမနိုင်ကျင်ငယ်မနိုင်ဘဝနဲ့ ”ငါအိုနေပြီ” ဆိုတဲ့အတွေးနဲ့ စိတ်မကောင်းဖြစ်နေမလား..အဖေ အားအင်ချိနဲ့တဲ့အခါ …. ဒီသမီးလေးကိုမှီပါ စိတ်သွားတိုင်းကိုယ်မပါနိုင်တဲ့အခါ.. ဒီသမီးလေးကို..ခိုတွဲပါ လဲကျချိန်ကြုံတဲ့အခါ..ဒီသမီးလေးကို အားပြုပါ.. ဘဝရဲ့ လက်ကျန်သက်တမ်းကို လောဘ ဒေါသ မောဟတရားတွေနဲ့ ကင်းဝေးအောင်နေပါ…/
ဒါလေးက အဖေပြောတဲ့ ”အဖေ့ရဲ့အိုတောင်ဝှေးလေး”လေ တစ်နည်းပြောရရင် အဖေ့ရဲ့ ”အိုစာမင်းစာလေး”ပေါ့ ခြေဆုပ်လက်နယ်နှိပ်ပေးရင် သမီးနဲ့..နေရတာပျော်ရဲ့လားအဖေ ဆိုပြီး မျက်နှာလေးမော့မော့ပြီးမေးတော့ ပျော်တာပေါ့သမီးရယ်ဆိုပြီး မျက်ရည်လေးဝေ့လို့….(တချိန်က..အဖေ့အိမ်မှာလည်း သမီး ထပ်တူပျော်ခဲ့ရပါတယ်…အဖေရာ )
အသက်ရာကျော် နေပေးပါနော် အိမ်မှာ..အဖေရှိတယ်ဆိုတဲ့အားက ဘယ်စမ်းရေနဲ့မှ မလဲနိူင်အောင်အေးမျှတယ် အိုတဲ့အခါ.. တရားပဲရှာ ဘယ်သားသမီးအကြောင်းမှ မတွေးနဲ့ အဖေတွေးသလိုသူတို့တွေးမယ်မထင်ဘူး
ကျင်လည်ရမယ့် သံသရာက ဝဋ်ကျွတ်အောင် နိဗ္ဗာန်ဆိုတဲ့တရားထူးပဲရှာပါ နေ့စဉ်နေ့တိုင်း အဖေပြုတဲ့ကုသိုလ် ပွားများတဲ့ဘာဝနာကို ရုပ်တရား နာမ်တရားနဲ့ ရှူမှတ်ပွားများပြီး ဝိပသာနာတရားကိုအမြဲနှလုံးသွင်းပါ.. အဖေက အဖေ့ဘဝအတွက် နိဗ္ဗာန်သွားမယ့်ရိက္ခာရှာပါ….
သမီးက အဖေ့အတွက် အားဖြစ်စေမယ့် ဝမ်းစာရှာပေးပါ့မယ် မမေ့ဘူး..တရားခွေလေး ဖွင့်ရင်း အဖေနဲ့အတူ ညအိပ်ယာဝင်တာတွေ အဖေ ဖူးချင်တဲ့ဘုရား အတူဝတ်တက် ခဲ့တာတွေ …တရားထူးလေး နားထောင်မိရင် အဖေ့အတွက် အင်တာနက်က down ပေးခဲ့တာတွေ..ကိုမြကြီးရဲ့ ”မိုး”.. ကိုမြသောင်းရဲ့ . ”တောင်တောသာယာ” စတဲ့ သီချင်းကြီးတွေ ကြားရင် အဖေ့ကို လွမ်းမိဦးမှာပါ…
ဒီဘဝမှာတော့..ချစ်ခြင်းမေတ္တာတွေနဲ့ သားအဖတွေပေါ့..ဒီဘဝတစ်ခုပြီးရင် သမီးတို့ ဘယ်ဘုံဘဝမှာ ဘယ်လိုတွေတွေ့ ဘယ်လိုတွေဆုံ ဘယ်လိုတွေကြုံပြီး ဘယ်လိုတရားသဘောမျိုးနဲ့ ထပ်ကွဲရမလဲမသိဘူးနော်..သံသရာတစ်ကွေ့မှာ.ထပ်ပြီး ဆုံတွေ့ခွင့်ရခဲ့ရင်..အဖေ့ကိုကျေးဇူးပြုဖူးသူနဲ့ အဖေ့အခက်အခဲတွေကို ဖြေရှင်ပေးနိုင်သောသူပဲ ဖြစ်ရပါစေ..ဒီဘဝမှာလည်း အဖေ့ကျေးဇူးဆပ်မယ် မကုန်နိုင်တဲ့ကျေးဇူးတွေကို သံသရာအဆက်ဆက်ထိထပ်ပြီး..ဆပ်ချင်သေးတယ်..။
အဖေရေ.ဇရာဆိုတာ လူကို အရုပ်ဆိုး အကျည်းတန်စေတယ်တဲ့ပြရုပ်တဲ့.. ဘယ်လောက်ပဲ အိုစာလို့ရုပ်ကျပါစေ..သမီးရင်ထဲ အဖေကတော့ ခမ်းနားနေဆဲပါ အဖေ့ဂုဏ်ထည်ဝါတွေ ကြီးမားနေတုန်းပါ အဖေ့မျက်နှာလေးက.အေးချမ်းတယ် အဖေ့ရဲ့လက်မောင်းပျော့ပျော့အိ
အိလေးကိုလည်း ချစ်တယ်.ကျောမြောင်က အသားမဲ့နေတဲ့ ကျောပြင်လေးကိုလည်း..ချစ်တယ် ပါးရေတွေ တွန့်နေတဲ့ အဖေ့ရုပ်သွင်လေးလည်း ချစ်တယ်..သွားမပါတော့တဲ့ ပါးချိုင့်ရာလေးလည်း ချစ်တယ်..တခါတခါ .ဇရာကိုညာလို့မရတဲ့ အဖေ့ရုပ်သွင်လေး.စေ့စေ့ကြည့်ပြီး ရင်ထဲမှာ ဝမ်းနည်းခြင်း.စိတ်မကောင်းခြင်းနဲ့.ချစ်ခြင်းမေတ္တာတရားတွေ ရောယှက်လို့နေတယ်
ကြည့်ပါဦး..ဇနီးသားသမီးကို ခါးလေးချိအောင် လုပ်ကိုင်ကျွေးခဲ့တဲ့အာဂသူရဲကောင်းကြီး.. သန်မာလှပြီလို့ ထင်ခဲ့တာ သွက်လက်လှပြီလို့ ထင်ခဲ့တာ ကျန်းမာလှပြီလို့ ထင်ခဲ့တာ ဇရာတရားရဲ့. ထုထောင်းမှုတွေကြောင့် အဖေ့ခမျာ ဝေဒနာတွေ စိပ်လာပြီ…။
Ensure တွေ များများသောက်နော် အဖေ ဒါမှ..အဖေ့အသက် ဆက်လို့ရမှာ အဖေ့အသက်ကို ဆက်လို့ရရင် နတ်ဒေဝါတွေ ခေါ်ပြီးဆက်ချင်သလို ဆေးပညာ ဆေးဆရာတွေနဲ့လည်း ခေါ်ဆက်စေချင်တယ်..ဖြစ်နိုင်မယ်ဆိုရင်ပေါ့ ဘယ်လိုနည်းနဲ့ပဲဆက်ရဆက်ရပါမရှိ ရှိတဲ့အားနဲ့ ရအောင်ဆက်ချင်တယ် အဖေရေ အားရှိမှ..အသက်ဆက်လို့ရမယ်. အသက်ဆက်မှ..ဒီသမီးလေးနဲ့အတူနေခွင့်ရမယ် ငါ့သမီးလေး လစာနဲ့ လောက်ငှပါ့မလားလို့ မတွေးပါနဲ့. ရတဲ့လစာ ရှိတဲ့ခွန်အားက ချစ်ရတဲ့ အဖေ့အတွက်ပါ။
ဘာဖြစ်ဖြစ် သမီး မ မောပါဘူး.. အဖေက သမီးရဲ့.…”ကုသိုလ်အိုးကြီး”လေ…အိဖြူဇင်(၂၉.၄.၂၀၂၀)
Zawgyi
ကိုယ့်ခြေကိုယ့်လက်နဲ့ စားရတာအဖေအဆင်မပြေရင် ကလေးလေးလိုပဲ ထမင်းဟင်း ခွံ့ကျွေးချင်တယ် ကလေးလေးလိုပဲ လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးချင်တယ်.အဖေစိတ်ချမ်းသာမယ်ဆိုရင် အဖေကြိုက်တဲ့ ဘီယာလေးပါ အပါပေါ့
အသက်ရာကျော် နေပေးပါနော် အိမ်မှာ..အဖေရှိတယ်ဆိုတဲ့အားက ဘယ်စမ်းရေနဲ့မှ မလဲနိုင်အောင်အေးမျှတယ် အိုတဲ့အခါ.. တရားပဲရှာ ဘယ်သားသမီးအကြောင်းမှ မတွေးနဲ့ အဖေတွေးသလိုသူတို့တွေးမယ်မထင်ဘူး