Health Care

သွေ_းထွက် ဒဏ်_ရာများအတွက် အခြေခံ အရေးပေါ် ကုသနည်း

သွေးထွက်ဒဏ်ရာများအတွက် အခြေခံ အရေးပေါ် ကုသနည်း..

ယေဘုယျအနေနဲ့ သွေးထွက်ဒဏ်ရာအများစုက သွေးမထွက်အောင် လုပ်ဖို့ လွယ်ကူပါတယ်။ဒါပေမဲ့အဓိကသွေးလွှတ်ကြော(အကြီး)၊သွေးပြန်ကြော(အကြီး)တွေ ထိခိုက်မိတာက အချိန်မီသာ မထိန်းချုပ်နိုင်ရင် အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်တာမို့ အရေးကြီးပါတယ်။

သွေးထွက်ဒဏ်ရာကို ယေဘုယျအနေနဲ့

၁။ပြင်ပဒဏ်ရာမှ သွေးထွက်ခြင်း

၁.၁ ဖြတ်တောက်ဒဏ်ရာ၊ပြတ်တောက်ဒဏ်ရာ(ဥပမာ လက်ထိပ် ဓားနဲ့ ထိပြတ်)

၁.၂ အသားကြေဒဏ်ရာ( ဥပမာ အရာဝတ္ထုနဲ့ဖိမိခြင်း၊ကြားညှပ်မိခြင်း)

၁.၃ နှာခေါင်းသွေးထွက်ခြင်း

၁.၄ ပွန်းပဲ့ဒဏ်ရာ

၁.၅ ထိုးသွင်းဒဏ်ရာ၊သေနတ်ဒဏ်ရာများ

၂။ခန္ဓာကိုယ်တွင်း မှ သွေးထွက်ခြင်း(ဥပမာ အသည်း၊ကျောက်ကပ် ထိခိုက်မိခြင်း၊အစာအိမ်သွေးကြောပေါက်ခြင်း)

ပွန်းပဲ့ဒဏ်ရာတို့ ၊ထိရှဒဏ်ရာတို့ကနေ သွေးမထွက်ဖူးသူ ရှားပါလိမ့်မယ်။ယေဘုယျအားဖြင့် အဲဒီလိုဒဏ်ရာတွေက သွေးတိတ်မြန်သလို အသက်အန္တရာယ်လည်း မရှိပါဘူး။ ဒါပေမဲ့ သွေးကြောကြီးတစ်ခုခု ဥပမာ လည်ပင်ကသွေးပြန်ကြော ပြတ်ရှမိရင်တော့ အသက်အန္တရာယ်ရှိပါတယ်။တချို့ပြင်ပဒဏ်ရာတွေက ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါအစိတ်အပိုင်းထိခိုက်တာနဲ့ ဆစပ်နေပါတယ်။ဥပမာ ဓားထိုးဒဏ်ရာ၊နံရိုးကျိုးဒဏ်ရာ၊အမြင့်မှ ပြုတ်ကျခြင်း။

သွေးထွက်ဒဏ်ရာနဲ့ အတူတွေ့ရများတဲ့ လက္ခဏာတွေက

ဒဏ်ရာ၊ဒဏ်ရာတွင် ပြင်ပအရာဝတ္ထုတစ်ခု ပါခြင်း(ဥပမာဓား၊ခဲ၊အမှိုက်သရိုက်များ)ဒဏ်ရာမှ နာကျင်ခြင်း၊အညိုအမည်းစွဲခြင်းဒဏ်ရာရရာ အစိတ်အပိုင်း ပုံမှန်လို မလှုပ်ရှားနိုင်ခြင်း၊ဖြူဖျော့လာခြင်း၊ခြေဖျားလက်ဖျားအေးလာခြင်း၊ချွေးပြန်ခြင်း

ထိခိုက်၊သွေးထွက်ဒဏ်ရာ ရလာတဲ့အခါဘာလုပ်ရမလဲ ။

ပထမကတော့ လူနာကို လုံခြုံတဲ့နေရာကို ရွေ့ပါ။ဒဏ်ရာကို ထင်ထင်ရှားရှားမြင်ဖို့ အဝတ်ဖုံးနေရင်ဖယ်ပါ။

၁။ သွေးထွက်နေတဲ့ အနာကိုတိုက်ရိုက်ဖိအားပေးခြင်း

သန့်စင်တဲ့ ပိုးသတ်ထားတဲ့အဝတ်၊ လက်ကိုင်ပဝါ ၊တဘက် စတာနဲ့လက်ကအားကို သုံးကာ ခပ်တင်းတင်းဖိပါ။ထို့နောက်ဆလိုင်းရည်၊ရေသန့်၊စိမ့်စမ်းရေ တို့နဲ့ ညင်ညင်သာသာဆေးပါ။အားပြင်းပြင်း မဆေးရ။အမှိုက်သရိုက်တွေဖယ်ပါ။ ဆေးဝါရည်၊Betadine ၊ပိုးသတ်ဆေးရည်ထည့်ပါ။ ပိတ်စအသန့်ကို အနာပေါ်အုပ်ပါ။ဂွမ်းပတ်တီးစည်းပါ။ပတ်တီးတစ်ထပ် ထပ်စည်းပါ။ပတ်တီးမရှိရင် အဝတ်နဲ့စည်းပါ။

တကယ်လို့ သွေးထွက်တာ တအားများ နေ၊သွေးထောင်ပန်းနေရင် အချိန် မဖြုန်းဘဲ အဆင်ပြေရာနဲ့ ဖိထားပါ။ လူနာများနေရင် လူနာရဲ့ တခြားလက်တစ်နဲ့ ဖိခိုင်းပါ။ လူနာကကိုယ်တိုင်ဖိဖို့ အဆင်မပြေရင်အနားကလူ ကို တင်းတင်းဖိခိုင်းပါ။ကျွမ်းကျင်သူ ကျန်းမာရေးဝန်ထမ်းဆီ ပို့ဆောင်ပါ။။

၂။ထိခိုက်ဒဏ်ရာရတဲ့ အစိတ်အပိုင်းကို မြှင့်ထားပါ

ဒဏ်ရာက ခြေလက်မှာဆိုရင် အပေါ်ကို မြှောက်ထားတာက သွေးစီးဆင်းမှုနည်းစေပြီး သွေးထွက်တာကို သက်သာစေပါတယ်။ဒဏ်ရာက လက်မောင်းမှာဆိုရင် လက်မောင်းကြား အရာတစ်ခုခံပြီး မြှောက်ထားပါ။ဒဏ်ရာတွေကိုင်တဲ့အခါ တစ်ခါသုံးရာဘာလက်အိတ်ဝတ်ဖို့မ မေ့ပါနဲ့။လူနာရဲ့ဒဏ်ရာတွေကို မသန့်စင်တဲ့လက်၊အရာဝတ္ထုတွေနဲ့ ထိတွေ့တာ ရှောင်ကြဉ်ပါ။ရာဘာလက်အိတ်မရှိရင် ပလတ်စတစ် လက်အိတ် ဒါမှမဟုတ်ပလတ်စတစ်အိတ်သုံးပါ။

ကျွမ်းကျင်သူ ကျန်းမာရေးဝန်ထမ်းဆီ ပို့ဆောင်ပါ။။ကူညီသူဟာ ဒဏ်ရာရသူရဲ့ သွေး၊အရည်တွေ ထိတွေ့မိရင် ကူညီပြီးတာနဲ့ ရေ၊ဆပ်ပြာနဲ့ ဆေးပါ။

၃။ဒဏ်ရာနှင့်အတူ ဓါး၊မြား ၊ဝက်အူ နဲ့ တခြားအရာဝတ္ထု မြုပ်ဝင်နေလျှင်

ထိုးစိုက်နေတဲ့အရာကို ဆွဲမနှုတ်ပါနဲ့။ ထိုးစိုက်နေတဲ့ အရာ ဘေးဘက်ကနေ ပတ်တီးစည်းပါ။ကျွမ်းကျင်သူ ကျန်းမာရေးဝန်ထမ်းဆီ ပို့ဆောင်ပါ။။

၄။ပတ်တစည်းထားတဲ့ကြားက သွေးစိမ့်ထွက်နေရင်…ပတ်တီးတစ်ထပ် ပြင်းပြင်းဆွဲကာ ထပ်စည်းပါ။သွေးထွက်တအားများရင် ပတ်တီးပြန်ဖြည်ကာ အသစ်ထပ်စည်းပါ။တစ်ခါတလေ ပတ်တီးကဒဏ်ရာနဲ့နေရာလွဲနေရင် သွေးဆက်ထွက်နေတတ်ပါတယ် ။

၅။ ပြတ်ရှ ဒဏ်ရာများ

ဥပမာ လက်ချောင်းပြတ်၊ခြေထောက်ပြတ်ဒဏ်ရာများ၊ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းကို အမြန်ခေါ်ပါ။လက်ပြတ်၊ခြေပြတ်၊သွေးကြောပေါက် ဒဏ်ရာတွေက အရေးကြီး ဒဏ်ရာပါ။ ဒဏ်ရာရတဲ့နေရာအပေါ် အရင်းပိုင်းကို (၃လက်မ အကွာမှာ) ခါးပတ် ဒါမှမဟုတ်ပိတ်စ ၊ကြိုး ချည်ပါ။ ချည်တဲ့အချိန်ကို လူနာလက်ပေါ် ရေးပေးထားပါ။

ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းထံ ပို့ပါ။လက်ကိုင်ပဝါ၊တဘက်ကို လုံးပါ။ ဒဏ်ရာရ အစိတ်အပိုင်းကို မြှင့်တင်ထားပြီး လုံးထားတဲ့အရာနဲ့ ခပ်တင်းတင်း ဖိထားပါ။

ပြုတ်ထွက်သွားတဲ့အစိတ်အပိုင်းတွေကို ပလတ်စတစ်အိတ်ထဲထည့်ပါ။ အိတ်ကိုပိတ်ထားပါ။ရေခဲအိတ်ရှိရင် ရေခဲအိတ်၊ဘူးထဲ ရေခဲနဲ့အတူ ထည့်သိမ်းထားပါ။

၆။ အသားကြေဒဏ်ရာများ

အဓိကအနေနဲ့ ဦးခေါင်းလည်ပင်း၊ရင်ဘတ်၊ပေါင် တွေပေါ် အရာဝတ္ထုကျ၊ဖိမိညှပ်မိရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်ကျွမ်းကျင်သူမရောက်လာသေးရင်ဖိမိနေတဲ့ အရာဝတ္ထုကို ဖယ်ပါ။ လည်ပင်း၊ကျောရိုးထိခိုက်မိထားရင် အမြန်မခြင်းမှ ရှောင်ကျဉ်ပါ။

လူနာ အနေသာဆုံး အနေအထားရအောင်သာ ကူညီပါ။ သွေးထွက်ဒဏ်ရာရှိရင် အထက်ပါအတိုင်း ကူညီပါ။ခြေလက် ကျိုးနေရင် ထိမိရင် ခြေထောက်ကို တုတ်နှစ်ခုကြားထားပြီး လှုပ်မရအောင် ပတ်တီးစည်းပါ။ကျိုးတဲ့နေရာရဲ့အပေါ်အဆစ်အောက်အဆစ်ပါအောင်ရှည်တဲ့ဝါး/သစ်သားချောင်းတောင့်တောင့်နဲ့ကပ်ပြီးပါတ်တီးစည်းပါ။ကျွမ်းကျင်သူ ကျန်းမာရေးဝန်ထမ်းဆီ ပို့ပါ။

၇။ နှာခေါင်းသွေးထွက်ဒဏ်ရာ

ခေါင်းနည်းနည်း ရှေ့ချပြီးနှာတံနဲ့နှာသီးဝဆုံရာနေရာ ပေါ် ဖိထားပါ ။ရေခဲရှိရင်ရေခဲ ကပ်နိုင်။

၈။ပွန်းပဲ့ဒဏ်ရာများ

ဆလိုင်း ဒါမှမဟုတ် ရေသန့်၊ရေ နဲ့ ဖြည်းဖြည်းဆေးပါ။ ပြင်ပ အမှိုက်သရိုက်တွေ ဖယ်ပါ။အဝတ်ခြောက်နဲ့ သုပ်ပါ။Betadine ဖျန်းဆေး ဒါမှမဟုတ် ဆေးဝါရည် ထည့်ပါ။ကျွမ်းကျင်သူဝန်ထမ်းထံပို့ပါ။ မေးခိုင်ကာကွယ်ဆေးထိုးရန်လို။

၉။ သေနတ်ဒဏ်ရာများ

ဒဏ်ရာကသွေးတိတ်အောင်လုပ်ပါ။လူမအုံပါစေနဲ့။လေကောင်းလေသန့် ရပါစေ။သွေးထွက်နေတဲ့ ဒဏ်ရာထဲကို ပတ်တီးသန့်၊ ပတ်တီးမရှိရင် လက်ကိုင်ပုဝါကို ကျပ်အောင်ထိုးသိပ်ပါ။အပေါ်ကအဝတ်စထူထူထပ်အုပ်ပြီးပတ်တီးတင်းတင်းစည်းပါ။ တအားမကျပ်ပါစေနဲ့။အထဲကို အဝတ်စ ထိုးမသိပ်ဘဲအပေါ်ကပဲ စည်းရင်သွေးမတိတ်ပါ။

ပတ်တီးစည်းရခက်တဲ့နေရာများ..

ဥပမာ မျက်နှာဆိုရင်(ဒဏ်ရာထဲအဝတ်စသိပ်ပြီး၊အပေါ်ကအစအုပ်ကာ တင်းတင်းဖိထားပါ။ဦးခေါင်းပွင့်ဦးဏှောက်ပေါ်နေရင်တော့အထဲ အဝတ်စထိုးမထည့်ဘဲဒဏ်ရာပေါ် အဝတ်စအုပ်ကာ စည်းပါ။သွေးထွက်များရင် သွေးသွင်းရပါမယ်၊သွေးမရခင်ဆလိုင်းရည် သွင်းပါ။ ကျွမ်းကျင်သူထံ ပို့ပါ။

ဒဏ်ရာက လက်နဲ့ ခြေမှာဆိုခြေထောက်ကို မြှောက်ထားပါ။ ခြေခုခုံကို နှလုံးအထက် မြင့်တဲ့နေရာ ဖြစ်အောင် ဖန်တီးပါ။ ဗိုက်နဲ့ရင်ဘတ်ဆို ခြေမမြှောက်ရ။သွေးပိုထွက်တတ်။အသက်ရှူရခက်တတ်ပါတယ်။ခြေလက် ကျိုးနေရင် ထိမိရင် ခြေထောက်ကို ဖြောင့်တဲ့ တုတ်နှစ်ခုကြားထားပြီး လှုပ်မရအောင် ပတ်တီးစည်းပါ။

ကျိုးတဲ့နေရာရဲ့အပေါ်အဆစ်အောက်အဆစ်ပါအောင်ရှည်တဲ့ဝါး/သစ်သားချောင်းတောင့်တောင့်နဲ့ကပ်ပြီးပတ်တီးစည်းပါ။ညှပ်ရိုးကျိုးတဲ့အခါ လက်ကောက်ဝတ်ကိုလည်ပင်းမှာပတ်တီးနဲ့သိုင်းတားပါ။လက်ချောင်း ခြေချောင်းတွေကျိုးတဲ့အခါ ပတ်တီးပဲ စည်းပါ။

ရင်ဘတ်သေနတ်ထိမှန်တဲ့အခါကျည်ဆံပေါက်ထဲကလေ ခန္ဓာကိုယ်ထဲ ဝင်နိုင်ပြီး အသက်သေဆုံးတတ်တာမို့ အပေါက်ကို ချက်ခြင်းပလပ်စတာနဲ့ပိတ် ဒါမှမဟုတ် ပတ်တီးတပတ်လည်စည်းပါ။လက်နဲ့ဖိပိတ်ထားပါ။

ရင်ဘက်၊ဗိုက် သေနတ်မှန်တာက အတွင်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေပါ ထိတာမို့ နီးရာဆေးရုံ၊ကျွမ်းကျင်သူထံ ပို့ဆောင်ပါ။ခေါင်းထိလို့ သတိလစ်တဲ့အခါပက်လက်ထားရင် လျှာက လိပ်ကာအသက်ရှူလမ်းကြောင်းပိတ်ကာ သေဆုံးတတ်ပါတယ်။

လည်ပင်းရိုး ဒဏ်ရာ မရှိရင် ခေါင်းကို ဘေးဆောင်းပါ။ လည်ပင်ရိုးဒဏ်ရာရှိတဲ့အခါ ခေါင်းနဲ့ကိုယ်တဖြောင့်ထဲထားပြီးစောင်းပါ၊သစ်တုန်းလှိမ့်သလို လှိမ့်ချပါ။လူနာကို ဆွဲကိုင် လှုပ်ခြင်း ရှောင်ပါ။ကျွမ်းကျင်သူထံ ပို့ပါ။

၂။ခန္ဓာကိုယ်တွင်းမှ သွေးထွက်ဒဏ်ရာများ

ခန္ဓာကိုယ်တွင်းက သွေးကြောတွေထိခိုက်မိတဲ့အခါ သွေးထွက်တတ်ပါတယ်။ပြင်ပ ဒဏ်ရာ ရှိ/မရှိ ဘဲ အတွင်းသွေးထွက်နိုင်ပါတယ်။သွေးအန်၊ဆီးသွေးပါ၊သလိပ်သွေးပါနေရင် ခန္ဓာကိုယ်တွင်း သွေးထွက်တာကို ညွှန်းပါတယ်။

တွေ့ရများတဲ့ လက္ခဏာတွေအနေနဲ့

အသက်ရှူမြန်ခြင်း

ရေဆာခြင်း

ချောင်းဆိုးသွေးပါခြင်း

သွေးအန်ခြင်း

ဝမ်းမည်းမည်းသွားခြင်း

အရေပြားဖြူဖျော့လာခြင်း

အရေးကြီးလူနာမို့ ကျွမ်းကျင်သူဝန်ထမ်း ရှာပါ။ လူနာကို အသက်သာဆုံး အနေအထားမှာထားပါ။လူနာပေါ် စောင်လွှားပေးထားပါ။ခြေထောက်ကို ဦးခေါင်းထက် မြင့်အောင်ထားပါ..။လူနာအောက် အခင်းတစ်ခုခုထားပါ။အဝတ်တွေတင်းကျပ်နေရင် ဖယ်ပါ။

လျှော့ပေးပါ။လေသန့်သန့်ရပါစေ။။လူနာကို အားပေးစကားပြောပါ။ လူမအုံပါနဲ့..။အစားအစာကျွေးတာ၊ရေတိုက်တာကို ကျွမ်းကျင်သူမှ မပြောသေးဘဲ မလုပ်ပါနဲ့။

Credit-ဟမ်စိုင်း(ဆေး-မန်း)