ကားလမ်းများမရှိစဉ်အချိန်က ဧရာဝတီသားတိုင်း စီးဖူးခဲ့ကြတဲ့ ရန်ကုန် သင်္ဘော
မူရင်း မောင်သာ (ရှေးဟောင်းသုတေသန) ရေးသားသည်။
ယနေ့ခေတ် လူငယ်များအနက် ရန်ကုန် သင်္ဘောဆိုသည်ကို သိရှိသူ အလွန် နည်းပါးပေလိမ့်မည်။

မြစ်ချောင်းများပေါများလှသည့် မြစ်ဝကျွန်းပေါ်ဒေသ၌ ယခုအခါတွင် မြို့များအားလုံးသို့ မော်တော်ကားများဖြင့် အချိန် သက်သာစွာ သွားလာနိုင်ပြီဖြစ်သော်လည်း ကျွန်တော်တို့ငယ်စဉ်၊ ကားလမ်းများမရှိစဉ်အချိန်က ရေလမ်းခရီးကို သာအား ထားခဲ့ကြ ရပြီး တစ်မြို့မှ တစ်မြို့သို့ ရေယာဉ်များဖြင့်သာ သွားလာခဲ့ကြရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ ခုလုံးတွင် ကားများတဝီဝီ သွားလာနေကြ သည့် ယနေ့ခေတ်ကို ကျွန်တော်တို့ အဘိုးအဘွားများ သိခွင့်ကြုံခွင့် မရခဲ့ပါချေ။
ကျွန်တော် ငယ်စဉ်ကမြစ်ချောင်းများပေါများလှသည့် မြစ်ဝကျွန်းပေါ်ဒေသမှ ကျိုက်လတ်မြို့လေးတွင် နေထိုင် ကြီးပြင်းခဲ့ပါသည်။
မြန်မာပြည်မြောက်ဖျားတွင်မြစ်ဖျားခံကာ မေခ၊ မေလိခမှ စတင် စီးဆင်းလာခဲ့သော ဧရာဝတီမြစ်ကြီး သည် ဟင်္သာတမြို့ အောက်ပိုင်းမှစ၍ ညောင်မုတ်ဆိတ်ပင်မှ အမြစ်များ ဖြာထွက်သွားသကဲ့သို့ မြစ်လက်တက်များ အများအပြားကွဲထွက်ကာ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်ပေါ်လာခဲ့သည်။
မြစ်ချောင်းများ ပေါများလှသဖြင့် မြစ်ဝကျွန်းပေါ်ဒေသ အတွင်းရှိ နယ်သူနယ်သားများသည် တစ်နေရာမှ တစ်နယ်မှ တစ်နယ်သို့ သွားလိုပါက ရေလမ်းကိုသာ အဓိက အသုံးပြု သွားလာခဲ့ကြရသည်။
ထိုစဉ်က ကားလမ်းများမရှိသေးသဖြင့် မြို့တိုင်းတွင် သင်္ဘောများပြေးဆွဲပေးခဲ့သည်။ အစိုးရ သင်္ဘောများလည်းရှိ၊ ပုဂ္ဂလိက သင်္ဘောများလည်းရှိ ရာ ရန်ကုန်သို့သွားသော သင်္ဘောများကို ရန်ကုန် သင်္ဘောဟု ခေါ် ခဲ့ကြသည်။
အချို့ မြို့များတွင် ဧရာဝတီ သင်္ဘောဟု ခေါ်ကြသည်။ ထိုစဉ်က ပြည်တွင်းရေကြောင်းပို့ဆောင်ရေးကော်ပိုရေးရှင်း(ယခု ပြည်တွင်းရေကြောင်း) တွင် တီအုပ်စုနှင့် အက်စ်အုပ်စု ဟူ၍ နှစ်ထပ် သင်္ဘောများရှိခဲ့သည်။ယင်းတို့ကို ဂျပန်နိုင်ငံက စစ်လျော်ကြေးအဖြစ်ပေးခဲ့သည်ဟု ငယ်စဉ် က ကြားဖူးခဲ့သည်။

တီအုပ်စုဝင် သင်္ဘောများကို တီဖြင့်စသည့် နာမည်များဖြစ်သည့် တိမ်တောက်၊ တက်တိုး၊ တိုးအောင် တော်ဝင် စသည့်အမည်များ မှည့်ခေါ်ပြီး အက်စ် အုပ်စုဝင်သင်္ဘောများကိုလည်း စပါး၊ ဆင်ကံ၊ ဆင်ပြောင် စသည်ဖြင့် အင်္ဂလိပ်အက္ခရာ အက်စ် ဖြင့်စသော အမည်များ ပေးထားပါသည်။
ကျွန်တော်တို့ မြို့ငယ်လေးတွင် ရန်ကုန်သို့ သင်္ဘောဖြင့်သွားရန် နံနက်ပိုင်းတွင် တစ်စီး၊ ညနေတွင် တစ်စီး၊ ညဖက်တွင် နှစ်စီး ရှိခဲ့သည်။
နံနက်ပိုင်းတွင် ဖျာပုံမှ လာသော ရန်ကုန် သင်္ဘောက ကိုးနာရီတွင် ကျိုက်လတ်ဆိပ်ကမ်း သို့ဆိုက်ကပ်မြဲဖြစ်သည်။ သင်္ဘောဆိပ်တွင် နာရီဝက်လောက်ကပ်ပြီး ရန်ကုန်သို့ဆက်လက်ထွက်ခွါလေ့ရှိသည်။

ညနေ ငါးနာရီတွင် စိန်ဝင်းထွန်း ၊ စိန်ဝင်းကြိုင် အမည်ရှိ ပုဂ္ဂလိကပိုင်မော်တော် နှစ်စီးက နေ့စဉ် အလှည့်ကျ ထွက်သည်။ ညပိုင်းတွင် ဖျာပုံမှလာသော သင်္ဘောက ညကိုးနာရီတွင်လည်းကောင်း ၊မော်လမြိုင်ကျွန်းမှ
လာသော သင်္ဘောက ည ၁၀ နာရီ ဝန်းကျင် တွင် လည်းကောင်း ကျိုက်လတ်ဆိပ်ကမ်းသို့ ဆိုက်ရောက်လေ့ရှိခဲ့သည်။
ရန်ကုန် သို့ သွားကြမည့်သူများက ထို သင်္ဘောများကို တစ်စီးမဟုတ် တစ်စီး စီးကြရသည်။
ကျိုက်လတ်မြို့မှ ၄၈ မိုင် မျှ သာ ဝေး သည့် ရန်ကုန်သို့ ရေစုန် ၊ ရေဆန်ပေါ်မူတည်လျက် ခြောက် နာရီ မှ ရှစ်နာရီ ကြာ စီးကြရသည်။
ထိုစဉ်က ကျွန်တော်တို့ မိသားစုသည် တစ်နှစ် တစ်ကြိမ်ရန်ကုန်သို့သွားလေ့ရှိခဲ့သည်။
သီတင်းကျွတ် ကျောင်း ပိတ်ပြီဆိုလျှင် အမေက ရန်ကုန်ရှိ ကျွန်တော်တို့ အဘိုးအဘွားများထံ သွားရောက်လေ့ရှိရာ ကျွန်တော်တို့ လည်း နှစ် စဉ် လိုက်သွားကြရသည်။
ရန်ကုန်မသွားမီ တစ်ရက်ကြိုကာ အမေက ရန်ကုန်ရှိ သူ့မိဘများစားရန် ပုဇွန်ထုတ်များကိုချက် ၊ ငါးသလောက်များကိုပေါင်း၊ ပုဇွန်ခြောက်များကို ထောင်းပြီးကြော်၊ ကောက်ညှင်းထုတ်များကိုလည်း ကိုယ်တိုင်ထုတ်၊ငှက်ပျောသီးများကိုမူ သုံး လေးရက်ကြိုကာ အခြောက်လှမ်းဖြင့် နှစ်စဉ် အလုပ်များမြဲဖြစ်သည်။
ကလေးများပါသဖြင့်အမေက ရန်ကုန် နေ့ သင်္ဘောကိုသာ စီးလေ့ရှိခဲ့သည်။ ကျိုက်လတ်မှ နံနက် ကိုးနာရီထွက်သည့် ရန်ကုန် သင်္ဘောက ရန်ကုန် မော်တင် ဆိပ်ကမ်းသို့ ညနေ လေး နာရီဝန်းကျင်တွင်ဆိုက်ကပ်သည်။
သင်္ဘောဆိပ်မှ သုံးဘီးကားတစ်စီးငှားကာ ကြည့်မြင်တိုင်၊ ချင်း ချောင်းခြံရပ်ကွက် (ယခု ပန်းလှိုင်အိမ်ရာ၊ကြည့်မြင်တိုင်မြို့နယ်) ရှိ အဘိုးအဘွားများအိမ်သို့ သွားကြပါသည်။ သုံးဘီး ကားခ ငါး ကျပ် ပေးရသည်ကို မှတ်မိနေပါသည်။
ကျိုက်လတ် သင်္ဘောဆိပ်သည် ရန်ကုန်ဆိပ်ကမ်းကဲ့သို့ ကြီးမားသော ဆိပ်ခံမဟုတ်ချေ။ အမိုးမိုးထားသော ကုန်တင် စီဘီတွဲ တစ်ခုကို ကျောက်စူး အသေချထားကာ မြစ်ကမ်းမှ သစ်သားတံတားတစ်ခုဖြင့်ဆက်သွယ်ထားသည့် ဘောတံတားလေး တစ်ခုသာဖြစ်ပေသည်။
ဆိပ်ခံဘောပေါ်၌ သင်္ဘောဝင်ချိန်ထွက်ချိန်များတွင် ဈေးသည်များရှိကြသည်။ ကောက်ညှင်းထုတ်များ၊ အကြော်စုံများ၊ မြန်မာမုန့်များ ကို အဓိကရောင်းချကြသည်။
သင်္ဘောများမရှိချိန်တွင် ဈေးသည်များသည် သင်္ဘောဆိပ်အနီးရှိ ကျိုက်လတ်ဈေးထဲတွင် ရောင်းကြသည်။ အချို့ကလည်းမြို့ထဲသို့ လှည့်ပတ် ရောင်းကြလေ့ ရှိကြသည်။
ရန်ကုန်သွားရန် ကျွန်တော်တို့ နံနက် ရှစ်နာရီခွဲလောက်တွင် သင်္ဘောဆိပ်သို့ ဆင်းကြရသည်။ သင်္ဘောပေါ် တွင် ထိုင်လိုက်သွားနိုင်ရန် အတွက် နေရာခင်းပေးသူတစ်ယောက်ယောက်ကို အမေက ကျွန်တော်တို့ နယ်တွင် ဒလီ ဟု ခေါ်သည့် ပလတ်စတစ်အခင်းကို သင်္ဘောမဆိုက်မီ ကြိုပေးထားသည်။
သင်္ဘောဝင်လာလျှင် ထိုသူက သင်္ဘောမကပ်မီ ကပင် သင်္ဘောပေါ်သို့ ခုန်တက်ကာ ထိုအခင်းကို ခင်းကာနေရာ ယူပေးပါသည်။
နေရာခင်းပေးကြသူများ သုံးလေး ယောက်ရှိရာ သူတို့ ကို နေရာခင်းပေးခ တစ်ကျပ် ၊ နှစ်ကျပ်ပေးရပါသည်။
ထိုစဉ်ကရန်ကုန်နှင့် ကျိုက်လတ် သင်္ဘောခ က လူကြီးတစ်ယောက်လျှင် သုံးကျပ်ပေးရပြီး ကလေးက တစ်ဝက်ခဖြစ်ပါသည်။
သင်္ဘောပေါ်တွင်နေရာယူပြီးသည်နှင့် ကျွန်တော်တို့ သင်္ဘောပေါ်တက်ကြရသည်။ သင်္ဘောက နှစ်ထပ်ဖြစ် သော်လည်း အောက်ထပ် တွင် ခရီးသည် အနည်းငယ်သာလိုက်ပါလေ့ရှိကာ ရန်ကုန်ရှိ ဒိုင်များသို့ ပို့ရန် ဆန်
အိတ် များ၊ငါးစည်များကို တင်လေ့ ရှိကြသည်။ ဇော်စိမ်းပန်းစည်းကြီးများ၊ဘဲဥသေတ္တာများကိုလည်းတင်ကြသည်။
ခင်းထားသောဒလီပေါ်တွင် ကျွန်တော်တို့ ထိုင်နေကြပြီး သင်္ဘောထွက်ပြီဆိုသည်နှင့် ဆိပ်ကမ်းတွင်ကျန်ရစ်ခဲ့သူ များကို သိသိ မသိသိ ထိုင်ရာမှထကာ လက်ဝှေ့ရမ်းနှုတ်ဆက်မြဲဖြစ်ပါသည်။
သင်္ဘောဆိပ်က ခုနစ်လမ်းတွင်ရှိပြီး ရန်ကုန် သင်္ဘောက ခုနစ် လမ်းမှ ခြောက် လမ်း ၊ ခြောက်လမ်းမှ ငါးလမ်း၊ လေး လမ်း၊ သုံး လမ်း စသည်ဖြင့်ကျော်ဖြတ်သွားရာ ကိုယ့်မြို့လေးကို ကိုယ်ကြည့်မဝသကဲ့သို့ သင်္ဘောမှ
မျှော်ကြည့်ကြရင်း သင်္ဘောက ကျိုက်လတ်မြစ် ထဲမှ ထွက်သွား ပြီး မြို့ကို လုံးဝမမြင်ရတော့မှ နေရာတွင် ပြန်ထိုင်ကြတော့သည်။
ရန်ကုန်သို့ ၄၈ မိုင် ခရီးသာ ဖြစ်ရာ ၊ လမ်းတွင် ဆိပ်ခံဘောတံတားရှိသော ကျိုက်ထော်ရွာနှင့် တွံတေးမြို့ များ တွင် ဆိုက်ကပ်သည်။
ဖျာပုံမှ ကျိုက်လတ်သို့၁၆ မိုင်၊ ကျိုက်လတ်မှ ကျိုက်ထော်သို့ ၁၆ မိုင် ၊ကျိုက်တော်မှ တွံ တေး သို့ ၁၆မိုင် နှင့် တွံတေးမှ ရန်ကုန်သို့ ၁၆ မိုင်ခန့်ကွာဝေးသည်။
ရေမိုင် ရှစ်မိုင်ခရီးကို ပျမ်းမျှ တစ်နာရီခန့် မောင်းရ သဖြင့် ကျိုက်ထော်သို့ ၁၁ နာရီဝန်းကျင်တွင်ရောက်သည်။
ကျိုက်ထော်ဆိပ်ကမ်းရောက်သည်နှင့်ဈေးသည်များက သင်္ဘောပေါ်တက်လာကာဈေးရောင်းကြသည်။
ဖက်နှင့် ထုတ်ထားသော ထမင်းထုတ်များ၊ သီတံဖြင့် သီထားပြီး ထိပ် တွင် ရှောက်သီးစိတ်လေးတစ်စိတ်ကို ထိုးတားသည့် ငါးဖယ် ကြော်များ၊ပြုတ်ထားသည့် အဝါရောင်ငါးသလောက်ဥ များ၊သီးမွှေးငှက်ပျောသီးများစသည်ဖြင့်စုံလင်လှသည်။
ထမင်းတစ်ထုတ်လျှင် တစ်ကျပ်ခွဲ၊ ငှက်ပျောသီး တစ်ဖီးလျှင် တစ်ကျပ်ပေးရသည်။ယခုခေတ်လူငယ်များ တစ်ကျပ် ၊ တစ်ကျပ်ခွဲ ဆိုသည်ကို သိကြတော့မည်မဟုတ်ပါချေ။
ကျိုက်ထော်ရောက်တိုင်း အမေက ကျွန်တော်တို့ကို တစ်ခုခု ဝယ်ကျွေးလေ့ရှိရာ ကျွန်တော်ကငါးဖယ်ကြော်ဝယ် ခိုင်းလေ့ရှိသည်ကို သတိရမိပါသည်။
ငါးဖယ်ကြော် ပျင်းတွဲတွဲလေးများကို ရှောက်ရည်ညှစ်ကာစားရသည့် အရသာကို ယခုတိုင် အမှတ်ရနေမိပါသည်။ကျိုက်ထော် မှထွက်လျှင် အမေက ပါလာသော ထမင်းချိုင့်ကို ဖွင့်ကာ ကျွန်တော်တို့ကိုထမင်းကျွေးသည်။
ငယ်ငယ်ကတည်းက ရေနွေးကြမ်းကြိုက်သော ကျွန်တော့်အတွက် အမေက သင်္ဘောပေါ်တွင်ပါလာသောထမင်းဆိုင်မှ ရေနွေး တစ် အိုးဝယ်ပေးပါသည်။
ထိုစဉ်က ရေသန့်မပေါ်သေးသဖြင့် ထမင်းစားပြီးရေသောက်လိုလျှင် အိမ်မှယူလာသော ကန် ရေကို ပင် သောက်ကြရသည်။
ရန်ကုန်နေ့ သင်္ဘောက တစ်ခါတစ်ရံတွင် သင်္ဘောဆိပ်မရှိသည့် ဖိုးတုတ်၊ ရေကျော်စသည့်ရွာများတွင် ဆိုက် ကပ်သည်။
သင်္ဘောဆိပ်လည်းမရှိ၊ တံတားလည်းမရှိသဖြင့် မြစ်ကမ်းပါးဘေးတွင် သင်္ဘောကိုအလျားလိုက်ရပ်ကာ စက် သတ်ထားပြီး သင်္ဘောပေါ်တွင်ပါလာသည့် ကုန်းဘောင်ဟု ခေါ်သော အလျား ၁၀ ပေကျော် ၊ အနံနှစ်ပေ
နီးပါးခန့် ရှိ သည့် သစ်သားပြားကြီးကို ကမ်းပေါ်သို့ ထိုးတင်ပေးလိုက်လျှင် သင်္ဘောစီးမည့်သူများက ထိုကုန်းဘောင်ပေါ်မှ လျှောက်ကာ သင်္ဘောပေါ်သို့ တက်လာကြရသည်။
ဘေးဘယ်ညာတွင်မည်သည့် ကိုင်စရာမရှိဘဲကုန်းဘောင်ပေါ်မှ လမ်း လျှောက်တက်လာကြသူများကိုမြင်တိုင်း ကျွန်တော် အသည်း ယားခဲ့မိပါ၏။သို့သော်လည်း ခရီးသည်များ ပြုတ် ကျသည် ကို တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။
တွံတေးမရောက်မီ ဈေးသည်များက လှေဖြင့် သင်္ဘောဘေးသို့ကပ်ပြီး မုန့်ဟင်းခါး တက်ရောင်းကြသည်။သူတို့ ဈေး တက်ရောင်းကြ ပုံကို သင်္ဘောစီးဖူးသူတိုင်းရင်တုန်ကြရသည်။
သင်္ဘောလာနေသည်ကိုမြင်လျှင် သူတို့က လှေကို မြစ် ကမ်းမှ ရေလယ်သို့ကြိုလှော်သွားကြပြီး သင်္ဘောက သူတို့ လှေနားမှ အဖြတ် တွင် လှေဦးထိပ်မှ လူက သင်္ဘောပေါ် သို့ လှေကြိုးစကိုယူကာ လွှားကနဲ ခုန်တက်လိုက်သည်။
တစ်ပြိုင်တည်းမှာပင် သူ့လက်တွင်ပါ လာသောကြိုးကို သင်္ဘော သံလက်ရမ်းတွင် အမိအရချည်လိုက်သည်နှင့် ပါလာသောလှေကတုံ့ကနဲ ဖြစ်ကာ သင်္ဘောနှင့်အတူ ဘေးမှ ပါလာ တော့ သည်။
ထိုအခါတွင် သူတို့သည် လှေပေါ်မှ မုန့်ဟင်းခါးတောင်းကို သင်္ဘော ပေါ်သို့ ယူကာ ရောင်းချလေ့ရှိကြသည်။ ထမင်းတစ်လုပ်အတွက် သက်စွန့်ဆံဖျား လုပ်စားကြသည်မှာ ထိုခေတ် ထိုအခါ ကတည်းကပင်ဖြစ်ပေသည်။
အခန့်မသင့်လျှင် လှေမှောက်သွားနိုင်ရုံသာမက လှေက သင်္ဘောအောက်ဝင် သွားလျှင် ပန်ကာ အခုတ်ခံရကာ အသက် ဆုံး ရှုံးရ မည့် အန္တရာယ်ကို သိရှိကြသော်လည်း ဝမ်းစာအတွက်ရှာဖွေစားသောက်ကြရသည်သာပင်ဖြစ်သည်။
တွံတေးတူးမြောင်းထဲသို့ သင်္ဘောဝင်လျှင် ရန်ကုန်ရောက်ရန် ၂၁ မိုင်မျှသာ လိုတော့သည်။မြန်မာသက္ကရာဇ် ၁၂၃၄ တွင် တူးဖော်ခဲ့သည့် တွံတေးတူးမြောင်းကို ”အောက်ကစပါး” ဟု မှတ်သားခဲ့ကြသည်။
တွံတေးမြို့သည်တူးမြောင်း မိုင်တိုင် ၁၅ တွင်ရှိသည်။ တွံတေးတူးမြောင်းတစ်လျောက် ရန်ကုန်ရောက်သည်အထိမိုင်တိုင်များကို တစ်ဖာလုံခြားစိုက်ထူ ထားသည်ကို ယနေ့တိုင် မြင်တွေ့နိုင်သည်။
ကျွန်တော်တို့က မိုင်တိုင်တွေမြင်တိုင်း အော်ဖတ်ခဲ့ကြသည်။ တွံတေး ဆိပ်ကမ်းသည် မိုင်တိုင် ၁၅ မိုင် အမှတ်အသား ၏ရှေ့တည့် တည့်တွင်ရှိသည်။ ထိုနေရာတွင်ထုံးဖြူဖြူစေတီငယ် တစ် ဆူရှိသည်။
တွံတေးမှ ရန်ကုန်သို့ သင်္ဘောမောင်းလာရာတွင် မိုင်တိုင် သုံးမိုင်ခွဲတွင် ရေစီးကြမ်းနေလျှင် ခနောင်တိုချောင်းမှ ရန်ကုန်သို့ ဝင်ရသည်။
လက်ပံခုံ အကောက်ရုံး ဟုခေါ်သည့် ထိုနေရာတွင် ရေကြောင်းပြ အချက်ပြအမှတ်အသား ပြ ထားသည့်တိုင်ရှည်ကြီးများကို မြင်ရသည်။
သင်္ဘောမောင်းသူက ထိုသင်္ကေတများကိုကြည့်ကာ အန္တရာယ်ကင်း သည့် ရေလမ်းမှမောင်းရသည်။
ရွေတိဂုံစေတီတော်ကြီးကို သင်္ဘောပေါ်မှ လှမ်း၍ ဖူးမြင်ကြရပြီဆိုလျှင် မကြာမီ ရန်ကုန် ရောက် တော့သည်။
တွံတေးတူးမြောင်းမှ ထွက်သည်ဆိုသည်နှင့် ဇင်ယော်ငှက်များက သင်္ဘောပတ်လည်သို့ ရောက်ရှိ လာ ကြ သည်။
ခရီးသည်များ ပစ်ပေးသော အစာများကို ဖမ်းယူစားသောက်ကြသည့် ဇင်ယော် ငှက်များကို ယနေ့တိုင် ရန်ကုန် ဒလ သင်္ဘောစီးတိုင်းမြင်နိုင်ကြပါသေးသည်။
မြစ်ဝကျွန်းပေါ်ဒေသတွင် ကားလမ်းများ မရှိသေးမီက သင်္ဘောဖြင့်သာ ခရီးသွားခဲ့ကြရသည့်အတွက် ငယ်စဉ်က သင်္ဘောစီးခဲ့ ရသည့် အရသာလေးများကို ယခုတိုင်ကြည်နူးစွာ မှတ်မိနေဆဲပင်ဖြစ်ပါ၏။
ယခုအခါတွင် မြစ်ဝကျွန်း ပေါ် ဒေသများတွင် ကားလမ်းများ ပေါ်ပေါက် လာသဖြင့် မြစ်ဝကျွန်းပေါ်သွား လူစီး သင်္ဘောများ ပြေးဆွဲမှု နည်းပါးသွားခဲ့ ပြီး ကုန်တင် သင်္ဘောများသာ အများဆုံး ပြေးဆွဲနေကြပါသည်။
တစ်နေ့တာ အချိန်ကြာအောင် စီးကြရသည့် သင်္ဘော ခရီးစဉ်ကို ယခုအချိန်တွင် အပန်းဖြေခရီးတစ်ခု အဖြစ် သွားကြမည်ဆိုပါက သင်္ဘောစီးခ များစွာ ပေးရပေလိမ့်မည်။
အပျော်စီးခရီးတိုလေးများ ရာသီဥတုသာယာချိန် တွင် ရန်ကုန်ဆိပ်ကမ်းမှ ထွက်လေ့ ရှိသော်လည်း အဝေးဆုံး တွံတေးအထိသာ ရောက်သည်။ ထိုခရီးတိုလေးများသည်ပင် သင်္ဘောခ များစွာ ပေးကြရသည်။
တွံတေးမြို့ထက်ကျော်လွန်ကာ သင်္ဘောဖြင့် သွားနိုင်သည့်တိုင် ကျွန်တော်တို့ ငယ်စဉ် က ရန်ကုန် သင်္ဘော စီးခဲ့ရသည့် ရသမျိုးကိုကား အပြည့်အဝရရှိနိုင်လိမ့်မည် ဟု မထင်မိပါချေ။
မောင်သာ (ရှေးဟောင်းသုတေသန) အမည်ရင်း U Win Zaw ထံမှ ပြန်လည်မျှဝေပါသည်။



