ဂုတ်ထိပ်တံတားသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုနှင့် ကျောက်မဲအကြား မန္တလေး၊ လားရှိုး မီးရထား လမ်းပေါ်တွင်
တည်ရှိသည်။ သီပေါမြို့နယ်တွင် ဟိုကွတ် အမည်ဖြင့် ရွာတစ်ရွာရှိသည်။
ဟိုကွတ်ဟူသော အမည်သည် ထိုနေရာတွင် မြစ်ချောင်းများ ငုပ်လျှိုး ကွယ်ပျောက် သွားသည်ကို အစွဲပြု၍ ခေါ်ခြင်းဖြစ်သည်။
ထိုရွာအနီးတွင် နမ်းပဆေးမြစ်သည် မြေကြီးထဲသို့ ငုပ်လျှိုးသွားပြီး အခြား တစ်နေရာရောက်မှ မြစ်ကြောင်း ပြန်ပေါ်လာသဖြင့် နမ်းပဆေးမြစ် ငုပ်သွားသည့် ထိပ်နေရာဟု ရည်ညွှန်းကာ ထိုနေရာကို ငုပ်ထိပ်ကျေးရွာဟု ခေါ်ခဲ့ကြသည်။ ကာလ ရွေ့လျားလာသောအခါ ငုပ်ထိပ်မှ ဂုတ်ထိပ် ဖြစ်လာခဲ့သည်။
ခရစ် ၁၈၉၇ ခုနှစ်တွင် ဗြိတိသျှအစိုးရသည် မန္တလေးမှ ဗန်းမော်သို့ မီးရထားလမ်း ဖောက်လုပ်ရာ မန္တလေးမှ ကွမ်းလုံသို့ မီးရထားလမ်း ဖောက်လုပ်ရန်လည်း လိုအပ်သည်ကို တွေ့ရှိလာကြသည်။ ထို့ကြောင့် ဂုတ်ထိပ်တံတားကို စတင်ဆောက်လုပ်ရန် မြန်မာပြည်အစိုးရက စီမံ လေသည်။
ဂုတ်ထိပ်တံတားသည် ရှမ်းပြည်မြောက်ပိုင်း မန္တလေး – လားရှိုးရထားလမ်းပေါ်ရှိ နောင်ချိုဘူတာအလွန် ခုနှစ်မိုင်ခန့်တွင် ကမ္ဘာကျော် ဂုတ်ထိပ် တံတားကြီး တည်ရှိသည်။
အဆိုပါတံတားကြီးသည် အခြားရထားလမ်းကူး တံတားများကဲ့သို့ မြစ်ချောင်းများကို ဖြတ်ကျော် တည်ဆောက် ထားခြင်းမဟုတ်ပဲ ထူးထူးခြားခြား မီးရထားမိုင်တိုင် အမှတ် ၄၆၃/ဝ-၉ တွင်ရှိသော ကျောက်ဂူကြီး အပေါ်သို့ဖြတ်၍ တောင်ထိပ် ၂ ခုကို ဆက်သွယ်ထားသည်။ ။
အဆိုပါ တံတားကြီးကို လန်ဒန်မြို့ရှိ Sir A.M.R Rendel & Co., ကုမ္ပဏီက ပုံစံရေးဆွဲခဲ့ပြီး အမေရိကန် ပြည်ထောင်စုမှ Pennsylvania & Maryland Bridge and Construction Co., မှ တာဝန်ယူတည်ဆောက်ခဲ့သည်။
တည်ဆောက်မှုများကို ၁၈၉၉ ခုနှစ် အတွင်း စတင်ခဲ့ပြီး ၁၉၀၀ ပြည့်တွင် ပြီးစီးခဲ့သည်။ သို့သော်လည်း ၁၉၀၃ ခုနှစ် ရောက်မှသာ စတင်အသုံးပြုခဲ့သည်။
အဆိုပါ တံတားကြီးတွင် ပေ ၁၂၀ ရှည်သော သံပေါင် ၁၀ ခု၊ ပေ ၆၀ ရှည်သော သံပေါင် ၇ ခု၊ ပေ ၄၀ ရှည်သော အလျားကူးသံပေါင် ၁၆ ခုနှင့် သံမဏိတိုင် ၁၆ တိုင်တို့ဖြင့် တည်ဆောက်ထားသည်။ အမြင့်ဆုံးသံတိုင်မှာ ၃၂၀ ပေရှိပြီး အနိမ့်ဆုံးတိုင်မှာ ၄၅ ပေမြင့်သည်။
တံတားအရှည် ပေ ၂၂၆၀ ပေ ရှည်ပြီး တံတားအောက်ခြေမှ တိုင်းတာလျှင် ရေမျက်နှာပြင်အထက် ပေ ၁၁၀၀ တွင် တည်ရှိသည်။ အဆိုပါတံတားကို တည်ဆောက်ရန် သံနှင့် သံမဏိတန်ချိန် ၄၃၁၁ တန် နှင့် သံမှို ၁ သန်း သုံးစွဲထားသည်။
မတ်စောက်သော တောင်စောင်းကြီးများနှင့် ထူထပ်သောတောကြီးများကို ရှင်းလင်း၍ အံ့ဘနန်းတည်ဆောက်ထားသော အဆိုပါ တံတားကြီးကို ထိုခေတ်က စတာလင်ပေါင် ၁၁၃၂၀၀ ခန့် အကုန်အကျခံ တည်ဆောက်ခဲ့ရသည်။
ခက်ခဲစွာ တည်ဆောက်ခဲ့ရ သော်လည်း အဆိုပါတံတား၏ တည်ဆောက်ကာလမှာ ၉ လသာ ကြာမြင့်ပြီး လက်ရှိအချိန်အထိ အကာင်း အတိုင်း ပကတိ တည်ရှိနေသေးသည်။ ။
ထိုတံတားသည် နမ္မတူ သတ္တုတွင်း တူးဖော်ရေးလုပ်ငန်း၏ သယ်ယူပို့ဆောင်ရေးတွင် အရေးပါလေသည်။ မြန်မာနိုင်ငံ စီးပွားရေးကို လည်းများစွာ အထောက်အပံ့ပြုသည်။ ထိုအကြောင်းတို့ကြောင့် ဒုတိယကမ္ဘာစစ်ကြီးတွင် မဟာမိတ်တို့၏ မြေလှန်စနစ်အရ ဂုတ်ထိပ် တံတားသည် ဖျက်ဆီးခြင်းခံရသည်။ ။
သို့သော် သံတိုင်အမှတ် ၂ နှင့် ၅ သာ ပျက်စီးခဲ့သည်။ ထို့နောက်တစ်ဖန် မြန်မာနိုင်ငံမှ ဆုတ်ခွာပေးရသော ဂျပန်တို့သည် တံတား၏ အမြင့်ဆုံးတိုင်များ သံတိုင်အမှတ် ၉၊ ၁ဝ၊ ၁၁ နှင့် ၁၂ တို့ကို အောက်ခြေမှစ၍ ဗုံးဖောက်ခွဲကာ ဖျက်ဆီးခဲ့ပြန်သည်။
လွတ်လပ်ရေးရပြီးနောက် ထိုတံတားကို နိုင်ငံခြားကုမ္ပဏီများ ငှားရမ်း၍ ပြင်ရန် စီစဉ်ခဲ့သော်လည်း တင်ဒါတင်သွင်းသော အဖိုးနှုန်းမှာ ကြီးမြင့်လှသဖြင့် မြန်မာနိုင်ငံ မီးရထားဌာနကပင် ပြင်ဆင်ခဲ့သည်။
ပြင်ဆင်ရေးလုပ်ငန်းများကို ၁၉၄၈ ခု၊ မေလက စတင်ခဲ့သော်လည်း နည်းပညာ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပစ္စည်းရှားပါး၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကြောင့် ၁၉၅၁ ခု၊ ဩဂုတ်လ အတွင်း၌သာ ပြီးစီးခဲ့လေသည်။ထိုအချိန်က ဂုတ်ထိပ်တံတားကြီး ပြင်ဆင်မှု ကုန်ကျစရိတ်ငွေမှာ ငွေကျပ် ၃၂ သိန်း ဖြစ်သည်။ ။
မီးရထားပေါ်မှမြင်ရသည့် ဂုတ်ထိပ်တံတားကြီး၏ အနီးကပ်မြင်ကွင်းကို တံတားကြီးပေါ်မှ ဖြတ်သန်းသွားဖူး ကြသူတိုင်း မမေ့နိုင်အောင် အမှတ်တရ ဖြစ်ကြရပေသည်။
ဂုတ်ထိပ်တံတားအဆင်းရှိ မော်တော်ကားလမ်းသည် ဂုတ်ထိပ်တံတား၏ အနောက်ဘက်တွင်ရှိသဖြင့် ကားလမ်း မှ ဂုတ်ထိပ်တံတားကို မမြင်နိုင်ကြဘဲ မီးရထားစီးမှသာ ဂုတ်ထိပ်တံတားကြီးကို မြင်နိုင်သည်။
ဂုတ်ထိပ် တံတားကို အနီးကပ်မြင်တွေ့နိုင်ရန် ဂုတ်ထိပ်ကြည့် ခရီးသည်များ သည် မီးရထားဖြင့်သာ ဂုတ်ထိပ်တံတားရှိရာသို့ သွားကြရပေသည်။နေ့စဉ်နိုင်ငံခြားသားခရီးသည် ၂ဝ မှ ၃ဝ ကျော်အထိ မီးရထားဖြင့် လာကြကြောင်း သိရှိရပေသည်။
ယင်းတံတားကို တည်ဆောက်သည့် နည်းပညာ အဆင့်မြင့်မားမှုနှင့် သဘာဝပတ်ဝန်းကျင် လှပမှုတို့ကြောင့် ခေတ်အဆက်ဆက် ထင်ရှား ကျော်ကြားလာသော တံတားဖြစ်ပြီး ကမ္ဘာ့အံ့ဖွယ် စာရင်းများတွင် ပါဝင်ခဲ့သည်။
မြန်မာပြည်၏ အမြင့်ဆုံးနှင့် ကမ္ဘာပေါ်တွင် ဒုတိယ အမြင့်ဆုံး တံတား၊ ကမ္ဘာ့အကြီးဆုံး မီးရထားသံလမ်း တံတားဟု မှတ်ကျောက်တင် ဆဲ ဖြစ်သည်။
Credit ~ မူရင်းရေးသားသူအားလေးစားစွာဖြင့်