“သင်္ကြန်၊ သနပ်ခါး” အပါအဝင် နိုင်ငံခြားသားတွေအတွက်တော့ တအံ့တဩ ဖြစ်ကြရတဲ့ မြန်မာပြည်ရဲ့ ဓလေ့ထုံးစံများ…
တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို နိုင်ငံတစ်ခုရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံဟာ တိုင်းတပါးသားတွေအတွက် အထူးအဆန်း ဖြစ်နေတတ်ပါတယ်
တစ်နိုင်ငံတည်းမှာကို နေရာဒေသပေါ်မူတည်ပြီး ကွဲပြားတဲ့ ဓလေ့ထုံးစံတွေ ရှိတတ်ပါသေးတယ်။ ကျွန်တော်တို့ မြန်မာတွေအတွက် တခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအချို့ဟာလည်း အံ့ဩစရာတွေ ဖြစ်နေတတ်ပါတယ်။
ဒါက သဘာဝပါပဲ။ ဒီနေ့မှာတော့ နိုင်ငံခြားသားတွေအတွက် ထူးဆန်းနေတဲ့ မြန်မာပြည်ရဲ့ အကြောင်းအရာ တချို့ကို ဖော်ပြပေးချင်ပါတယ်။
၁။ ကွမ်းယာ၊ လက်ဖက်နဲ့ သနပ်ခါး
သာရေးနာရေး ကိစ္စတွေမှာ ကွမ်း နဲ့ လက်ဖက်ဟာ မပါမဖြစ်ပါပဲ။ ထို့နည်းတူစွာ သနပ်ခါးဟာလည်း မြန်မာတွေရဲ့ မရှိမဖြစ် အလှကုန် တစ်ခုပါ။
၎င်းတို့ဟာ ကျွန်တော်တို့ မြန်မာတွေရဲ့ ဘဝအစိတ်ပိုင်း တစ်ခုလို့ ပြောရင် လွန်မယ်မထင်ပါဘူး။
ကွမ်းစားထားလို့ နီရဲတွတ်နေတဲ့ ခံတွင်းတွေ၊ လက်ဖက်အရွက်ကို အဆာပလာ စုံလင်စွာနဲ့ သုပ်ထားတဲ့ စားဖွယ် နဲ့ ရွှေအိုရောင် သနပ်ခါး လိမ်းကျံထားတဲ့ ပါးပြင်လေးတွေဟာ နိုင်ငံခြားသားတွေ အတွက်တော့ အံ့ဩစရာ ဖြစ်နေပါတယ်။
၂။ ရွှေတိဂုံနဲ့ ကျိုက်ထီးရိုး
မြတ်ဗုဒ္ဓရဲ့ ဆံတော်ရှစ်ဆူ ကိန်းဝပ် စံပယ်တော်မူနေတဲ့ ရွှေရောင် တဝင်းဝင်းနဲ့ ရွှေတိဂုံ စေတီတော်ကြီးဟာ ပြည်ပနိုင်ငံသားတွေ အမြင်မှာ ဆန်းလို့ နေပါတယ်။
၎င်းတို့ကို ပိုပြီး အံ့ဩ မှင်သက်စေတာကတော့ ၇၂ ကာရက်ရှိတဲ့ စိန်ဖူးတော်ကြီးပါပဲ။
ချောက်ကမ်းပါးစွန်းမှာ ဟန်ချက်ညီစွာ တည်နေပါတဲ့ ဆံတော်ရှင် ကျိုက်ထီးရိုးဟာလည်း ၎င်းတို့ကို ပဟေဠိများစွာနဲ့ အတွေးပွားစေပါတယ်။
၃။ အတာသင်္ကြန်
နှစ်ဟောင်းက အညစ်အကြေးတွေကို နှစ်သစ်ထိ ပါမလာအောင် အတာရေနဲ့ ဆေးကြောသန့်စင်တဲ့ သင်္ကြန်ပွဲတော်ဟာလည်း ပြည်မြန်မာမှာ ရှေးယခင် နှစ်ပေါင်းများစွာတည်းက တည်ရှိခဲ့တာပါ။
သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွှဲချင်လို့ မြန်မာပြည်ကို တကူးတက လာရောက်ကြတဲ့ နိုင်ငံခြားသားတွေကလည်း ရှိပါတယ်။
၄။ ပုဆိုးနဲ့ ခြင်းလုံး
ပုဆိုး အခေါ် လုံချည် နဲ့ ခြင်းလုံးကို မြန်မာပြည်မှာတင်မက အရှေ့ အာရှ နိုင်ငံတချို့မှာလည်း တွေ့မြင်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ်ပါ ခါးတောင်း မြှောင်နေအောင် ကျိုက်ပြီး ကြိမ်ခြင်းလုံးကို ဝိုင်းဝန်း ကစားနေကြတဲ့ လမ်းဘေး ခြင်းဝိုင်းလေးတွေဟာ အနောက်တိုင်းသားတွေအတွက် အံ့ဩစရာ မြင်ကွင်း တခုပါ။
၅။ ညာမောင်းနဲ့ ချင်တွယ်တိုင်းတာစနစ်
မြန်မာနိုင်ငံရဲ့ ညာမောင်းစနစ်ဟာ ဗြိတိန်၊ အိန္ဒိယ၊ ထိုင်း၊ မလေး၊ စင်္ကာပူနဲ့ အင်ဒိုနိုင်ငံသားတွေအတွက် အခက်အခဲ ဖြစ်လို့နေပါတယ်။
ထိုမျှသာမက မက်ထရစ် တိုင်းတာစနစ်ကို အသုံးမပြုတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
ကမ္ဘာမှာ မက်ထရစ်စနစ်ကို မသုံးတာဆိုလို့ မြန်မာ၊ လိုင်ဘေးရီးယားနဲ့ အမေရိကန် သုံးနိုင်ငံသာ ရှိပါတယ်။
တိုင်းတာစနစ်ချင်း မတူတာကလည်း အခြားနိုင်ငံသားတွေအတွက် ခက်ခဲမှုတစ်ခု ဖြစ်ပါတယ်။
၆။ ဗေဒင်နဲ့ ယတြာ
နိုင်ငံတိုင်းမှာ အယူသီးမှု ကိုယ်စီ ရှိတတ်ကြပါတယ်။ မြန်မာပြည်မှာလည်း ဗေဒင်ယတြာအစီအမံတွေကို ယုံကြည်သူတွေ အများကြီးရှိပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးနုက မကောင်းဆိုးဝါးတွေကို ခြောက်လှန့် မောင်းထုတ်ဖို့ ယတြာအစီအမံနဲ့ ဘုရားစေတီ ၆ သောင်းကျော် တည်ထားခဲ့သလို ဗိုလ်ချုပ်နေဝင်းဟာလည်း ဗေဒင်ဆရာရဲ့ စကားကို နားထောင်ပြီး ဘယ်မောင်းကနေ ညာမောင်းစနစ်ကို ပြောင်းလဲစေခဲ့ပါတယ်။
နိုင်ငံ့ခေါင်းဆောင်တွေက အစ ဗေဒင်ယတြာတွေအတိုင်း တိုင်းပြည်ကို စီမံနေခဲ့ခြင်းက နိုင်ငံခြားသားတွေအတွက် ထူဆန်းလို့နေပါတယ်။
၇။ သယံဇာတနဲ့ သဘာဝ တောတောင်ရေမြေ
ပတ္တမြားနဲ့ ကျောက်စိမ်း အပါအဝင် အခြားသယံဇာတတွေ ပေါများစွာ ထွက်ရှိရာ၊ စုံလင်လှတဲ့ ငှက်မျိုးစိတ်တွေနဲ့ သားရဲတိရစ္ဆာန်တို့ ကျင်လည် ကျက်စားရာ သဘာဝ တောအုပ်ကြီးတွေရှိတဲ့ ပြည်မြန်မာဟာ နိုင်ငံခြားသားတွေ အတွက်တော့ စူးစမ်း လေ့လာစရာတွေ မကုန်ခမ်းနိုင်တဲ့ စာအုပ်ကြီး တစ်အုပ် ဖြစ်နေပါတယ်။
Wai Lin, Nine Thuwun အား လေးစားစွာ ခရက်ဒစ် ပေးပါသည်။