Health Care

အသားအရေစိုပြေလှပချင်သူတိုင်း အသုံးပြုသင့်တဲ့ ရှားစောင်းလက်ပတ် ပေါင်းတင်နည်းများ…

အဖြူ ရောင် ချွဲကျိကျိ ဂျယ်လ်လေးက ပျိုမေတို့ရဲ့ အရေပြားမှာ ကြုံတွေ့ခံစားနေရတဲ့ ပြဿနာ အားလုံးကို ကူညီဖြေရှင်းပေးနိုင်တယ်ဆိုတာ ပျိုမေတို့ သိပြီးသားဖြစ်မှာပါ။

ရှားစောင်းလက်ပတ်ကို ဆေးဖက်ဝင် အပင်အဖြစ်ရော အလှအပဆိုင်ရာ ဆေးစွမ်းကောင်းတစ်လက်အဖြစ်ပါ အသုံးပြုနေကြတာပါ။

ရှားစောင်းလက်ပတ်ကို အသားအရေထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် ပထမဆုံး စတင်အသုံးပြုခဲ့တဲ့နေရာကတော့ အီဂျစ်နိုင်ငံပဲဖြစ်ပါတယ်။

ပျိုမေလေးတို့လည်း ကလီယိုပတ်ထရာ ဘုရင်မလို အသားအရေလှပချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ရှားစောင်းလက်ပတ် ပေါင်းတင်နည်းလေးကို မှန်မှန်အသုံးပြုဖို့ လိုမယ်နော်

ရှားစောင်းလက်ပတ်နှင့် နှင်းဆီရေ ရှားစာင်းလက်ပတ်ဂျယ် စားပွဲတင်ဇွန်း တစ်ဇွန်းနှင့် နှင်းဆီရေ စားပွဲတင်ဇွန်း တစ်ဇွန်း တို့ လိုအပ်ပါမယ်။

ထိုပါဝင်ပစ္စည်းနှစ်မျိုးကို သမအောင် ပေါင်းစပ်ပြီးတဲ့နောက် မျက်နှာပေါ် သုတ်လိမ်းကာ မိနစ် ၂၀ ခန့် ထားထားပါ။ ထို့နောက် ရေအေးအေးလေးဖြင့် မျက်နှာသစ်ချလိုက်ပါ။

ချွေးပေါက်ထဲမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဒီ့ထက်ပိုဖယ်ရှားချင်တယ်ဆိုရင်တော့ မျက်နှာမသစ်ခင် ၂ မိနစ်၊ ၃ မိနစ်ခန့် မျက်နှာကို နှိပ်နယ်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကို တစ်ပတ်မှာ ၃ ကြိမ် မှန်မှန်ပြုလုပ်ပေးရပါမယ်။

ရှားစောင်းလက်ပတ်နှင့် နနွင်းမှုန့် နနွင်းမှုန့် အနည်းငယ် (လက်မနှင့် လက်ညှိုး တစ်ဖျစ်စာခန့်)၊ ရှားစောင်းလက်ပတ်ဂျယ် စားပွဲတင်ဇွန်း တစ်ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် နှင်းဆီရေ တစ်စက်၊ နှစ်စက်ခန့်တို့ လိုအပ်ပါမယ်။

ထိုပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရောမွှေပြီးတဲ့နောက်မှာ မျက်နှာနဲ့ လည်ပင်းပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ကြာတဲ့အခါ ကြက်သီးနွေးရေနွေးလေးနဲ့ မျက်နှာသစ်ပြီး လည်ပင်းကိုလည်း ဆေးကြောလိုက်ပါ။

ပြီးနောက် သန့်စင်တဲ့ မျက်နှာသုတ်ပုဝါဖြင့် ဖွဖွလေး ပုတ်ပေးလိုက်ပါ။ ဒီပေါင်းတင်နည်းကိုတော့တစ်ပတ် မှာ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

ရှားစောင်းလက်ပတ်နှင့် ငှက်ပျောသီး ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်းနှင့် ငှက်ပျောသီးမှည့် ၃ တုံး၊ ၄ တုံးခန့် လိုအပ်ပါမယ်။

ငှက်ပျောသီးကို အနှစ်ဖြစ်အောင် ကြိတ်ချေပြီးနောက် ရှားစောင်းလက်ပတ်ဂျယ်နဲ့ ရောနှောလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ သုတ်လိမ်းလိုက်ပြီး ၁၀ မိနစ်ခန့် စောင့်ပါ။

ပြီးမှ ကြက်သီးနွေး ရေနွေးလေးဖြင့် မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ် ပြုလုပ်နိုင်ပါတယ်။

ရှားစောင်းလက်ပတ်နှင့် သခွားသီး ရှားစောင်းလက်ပတ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် သခွားသီးအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း တို့ လိုအပ်ပါမယ်။

(နှင်းဆီရေ ၂ စက်၊ ၃ စက်ခန့် ထပ်ထည့်လည်း ရပါတယ်) ပါဝင်ပစ္စည်းများ အားလုံးကို သမအောင် ရော နှောပြီးနောက် မျက်နှာပေါ်မှာ သုတ်လိမ်းလိုက် ပါ။

၁၅ မိနစ်ခန့်ကြာမှ ရေအေးအေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပြုလုပ်နိုင်ပါတယ်။