Cele News

သရုပ်ဆောင် မေပန်းချီကို ဖမ်းဆီးပြီး ထောင်ချလိုက်ပြီ

သရုပ်ဆောင် မေပန်းချီကို ဖမ်းဆီးပြီး နှစ်လအကြာမှာ စစ်ခုံရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

မေပန်းချီကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ ( က) နဲ့ ထောင်ဒဏ်ချမှတ်လိုက်တာဖြစ်ပြီး ရုံးချိန်း

၂ ခါထုတ်အပြီးမှာ အခုလိုအမိန့်ချလိုက်တာဖြစ်တယ်လို့သိရပါတယ်။

” မနေ့က အမိန့်ချလိုက်တယ်ပဲသိလိုက်ရတယ်၊အလုပ်ကြမ်းပါလား မပါလားတောင် သေချာ မသိရသေးဘူး။ ရုတ်တရက်ကြီးချလိုက်တာ။

သူနဲ့အတူအဖမ်းခံရသူတွေ အမိန့်ချသံမကြားသေးဘူး “လို့ မေပန်းချီ မိသားစုနဲ့နီးစပ်သူ အနုပညာရှင်တစ်ဦးကပြောပါတယ်။

သရုပ်ဆောင် မေပန်းချီကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်က သူရဲ့နေအိမ်ရှိရာ ဒဂုံမြို့သစ်မြောက်ပိုင်းက နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဧပြီလ ၂၀ ရက်နေ့ ဒဂုံမြို့သစ်မြောက်ပိုင်းရဲစခန်းမှာ ပုဒ်မ ၅၀၅ ကနဲ့အမှုဖွင့်ခဲ့တာဖြစ်ပါတယ်

မေပန်းချီဟာ ဧပြီလအတွင်းက စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာဖြစ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြသူတွေကိစ္စနဲ့ပတ်သက်ပြီး

နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပြစ်မှုကျူးလွန်စေဖို့ ရည်ရွယ်ကာ မမှန်သတင်းတွေ ရေးသားဖြန့်ဝေခဲ့တယ်ဆိုပြီး နစက ဘက်က အမှုဖွင့်အရေးယူခဲ့တာဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။

မေပန်းချီနဲ့အတူ အဆိုတော်ရွှေရည်သိန်းတန် ၊The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ၊ အဆိုတော်မေလသံစဉ် ၊

သရုပ်ဆောင် မြတ်သူသူကျော် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာ မေပန်းချီ တစ်ဦးတည်းကို ထောင်ဒဏ် ပထမဆုံးချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။