“ဆန်ထောင်းတဲ့မောင်းစင်မှာ အရိုးကြေတဲ့ အထိအထောင်းခံခဲ့ရတဲ့ မင်းသမီးကြီး တောင်ညိုထိပ်ခေါင်တင်”
မြင်းကွန်း မြင်းခုံတိုင်အရေးအခင်းဟာ ကုန်းဘောင်ခေတ်မှာ အဆိုးရွား အရက်စက်ဆုံး နန်းလုတဲ့ ဖြစ်ရပ်ကြီး ဖြစ်တာ အားလုံးသိပြီးသား ဖြစ်ပါတယ်။
နန်းလုပွဲတွေ ရှိကြပေမယ့် ကနောင်ကိုယ်တော်လို ခေါင်းပြတ်ပြီး သေရတဲ့သူမရှိပါဘူး။
ဒီအရေးအခင်းကြောင့် အိမ်ရှေ့စံကနောင် ကိုယ်တော်ကြီး အပါအဝင် မင်းတုန်းမင်းရဲ့ မြောက်ဆောင်တော်မိဖုရား ပဘာဒေဝီက ဖွားမြင်တဲ့ မလွန်မြို့စားမင်းသားနဲ့ပြင်စည်မြို့စားမင်းသား၊ တောင်ဆောင်တော်မိဖုရားက ဖွားမြင်တဲ့ စကုမြို့စားမင်းသား သုံးပါးလည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
တကယ်ဆိုရင် မြင်းကွန်းမင်းသားဟာ အိမ်ရှေ့ကိုယ်တော်ကြီးရဲ့ တူတော်ရင်းဖြစ်သလို သားမက်တော်လည်း ဖြစ်ပါတယ်။
ဘာလို့လည်းဆိုတော့ အိမ့်ရှေ့မင်းရဲ့ မြောက်ဆောင်တော် သခင်ကျေးကနေ ဖွားမြင်တဲ့ တောင်ညိုထိပ်ခေါင်တင်နဲ့ မင်းတုန်းမင်းရဲ့ တောင်ရွှေရေးဆောင်မိဖုရားက ဖွားမြင်တဲ့ မြင်းကွန်းမင်းသားကြီးတို့ကို ပေးစားထားလို့ ဖြစ်ပါတယ်။
မြင်းကွန်းမင်းသားဟာ မင်းတုန်းမင်းရဲ့ တခြားသားတော်ကြီးများနှင့်မတူပဲ သားအရင်းတွေထက် ညီတော်ကနောင်မင်းကို အိမ်ရှေ့စံ ပေးထားတဲ့ အတွက် ဖခင်ကိုရော ဦးကြီးတော်ကို ရော မကျေမချမ်းဖြစ်နေတာ ကြာလှပါပြီ။
ဘုရင့်သားဟာ ဘုရင်ဖြစ်ရမယ်ဆိုတဲ့ မူကို စွဲကိုင်ပြီး လုပ်ကြံမှုကြီးကို ကြံစည်လုပ်ဆောင်ခဲ့တယ်။တောင်ညိုထိပ်ခေါင်တင်ရဲ့ အကိုတော်ရင်း ကနောင်ကိုယ်တော်ကြီးရဲ့ သားတော်အကြီးဆုံး ပတိမ်းမင်းသားကြီးနဲ့လည်း တစောင်းစေးနဲ့မျက်ချေး ဖြစ်နေခဲ့တာလည်း ကြာခဲ့ပြီ။
နှစ်ယောက်လုံးက ဘုရင်နေရာ မျက်စောင်းထိုးနေတဲ့သူတွေမို့ ကြည့်မရကြတာ ဖြစ်တယ်။ ပတိမ်းမင်းသားရဲ့နှမတော်ရင်း တောင်ညိုထိပ်ခေါင်တင်ဟာ သူ့လင်တော်မောင် မူပျက်နေတာကို အနီးကပ်နေရတဲ့ သူမို့ ရိပ်စားမိတာ ကြာပေမယ့် ဘာအတွက်လည်းဆိုတာ စုံစမ်းလို့မရခဲ့ဘူး။
မြင်းကွန်းမင်းသား လက်စွဲတော်တွေကို ခေါ်ယူပြီး အစ်အောက်မေးမြန်းသော်လည်း ဘာမှ မသိခဲ့ရတာမို့ သူ့မောင်တော်ကို မျက်ခြေမပျက် စောင့်ကြည့်နေခဲ့တာကြာပြီ ဖြစ်တယ်။
ဦးပုည အခါပေးတဲ့ ရက်မှာ ကနောင်မင်းနဲ့မင်းတုန်းမင်းကို လုပ်ကြံသတ်ဖြတ်ဖို့ နောက်ပါတွေကို အရက်တိုက်ကြွေးပြီး ရဲဆေးတင်ကာ အစီစဥ်ချနေတုန်း တောင်ညိုမင်းသမီးက ဒီအကြောင်းကို ကြားသိသွားတယ်။
ကြားသိသွားတာနဲ့ တပြိုင်နက် မိမိခမည်းတော် အိမ်ရှေ့မင်းကို သွားရောက်လျှောက်ထားဖို့ စံအိမ်တော်ကနေ နောက်ပါ အစေအပါးတောင် မခေါ်ပဲ အရေးတကြီး ထွက်တော်မူတယ်။ ဒါကိုသိမြင်လိုက်တဲ့ မြင်းကွန်းမင်းသားက ကြင်ယာတော်မင်းသမီးကို အရင်ဦးအောင် ဖမ်းစီးစေတယ်။ စံအိမ်တော်တံခါးဝ အရောက်မှာ ဖမ်းမိခဲ့တယ်။
ဖမ်းမိပြီး မြင်းကွန်းကိုယ်တော်က စစ်ဆေးမေးမြန်းတဲ့အခါ ဦးကြီးတော် မင်းတုန်းမင်းတရားနဲ့ ခမည်းတော် အိမ်ရှေ့ဘုရားတို့ အသက်ကို မပြစ်မှားထိုက်လို့ လက်မတင်ကလေး ကြိုတင်အသိပေးရန် သွားမယ့် အကြောင်း အမှန်အတိုင်း ဖြေခဲ့တယ်။
မြင်းကွန်းကိုယ်တော်က ‘ကိစ္စကြီးကို ကိုယ့်လင်ဘက်ကို မထောက် သစ္စာဖောက်မ နင့်အဖေကိုသွားမပြောခင် ငါက နှုတ်ပိတ်လိုက်ရမှာပ’ လို့ဆိုပြီး တောင်ညိုမင်းသမီးကို ရိုက်ပုတ်ညှင်းဆဲပြီး စံအိမ်တော်ဝင်း အနောက်ဘက် ဆန်းထောင်းတဲ့မောင်းစင်မှာအရိုးအသားညက်ညက်ကြေတဲ့အထိ ထောင်းပစ်စေခဲ့ပါတယ်။
တောင်ညိုမင်းသမီးကို ရက်ရက်စက်စက် မောင်းနဲ့ထောင်းသတ်ပြီးမှ ဦးပုညအခါပေးတဲ့ နေ့နှစ်ချက်တီးမှာ ပုန်ကုန်ခြားနားရန် ထွက်လာခဲ့တာ ဖြစ်ပါတယ်။ကိုယ့် အဖေရင်းနဲ့ ဦးကြီးတော် အသတ်ခံရမှာစိုးလို့ သွားရောက်လျှောက်ထား သတိပေးလိုတဲ့ တောင်ညိုမင်းသမီးဟာ ရက်စက်စွာ အသတ်ခံရတာကို ရာဇဝင်မှာ လုံးဝဖျောက်ထားခဲ့ပြီး မှတ်တမ်းတင်ထားခြင်းလည်းမရှိပါ။
တောင်ညိုမင်းသမီးဟာ ဒီအရေးအခင်းသာ အောင်မြင်သွားခဲ့ရင် မိဖုရားခေါင်ကြီးအနေနဲ့ နန်းမတော်ရာထူးရမှာ ဖြစ်သော်လည်း မိဘကို သတ်ပြီးမှ ရတဲ့နေရာကို မလိုချင်တာရယ် သူကိုယ်တိုင်ကိုက မြင်းကွန်းမင်းသားနဲ့ စိတ်ထားခြင်း မတူတဲ့အတွက်ကြောင့် ဒီအရေးအခင်း ဖြစ်မလာအောင် ကြိုးပမ်းရာကနေ အသက်ပေးခဲ့ရခြင်း ဖြစ်တယ်။
မြင်းကွန်းမင်းသား ထွက်ပြေးပြီးနောက်မှာ တောင်ညိုမင်းသမီးနာမည်ဟာ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး အိမ်တော်ထဲ နီးစပ်သူများထဲကနေသာ မောင်းစင်မှာ အထောင်းခံပြီး သေရကြောင်း သတင်းဆိုးသာ နန်းတော်ထဲ ပျံ့နှံ့ခဲ့တယ်။
ရာဇဝင်ဆရာတွေကလည်း အတိအကျ မှတ်တမ်းမတင်ထားတဲ့ အတွက်ကြောင့် ကြင်ယာတော်မင်းသမီးကြီး အကြောင်းကို သိရှိသူအလွန်တရာ နည်းပါးနေလို့ ဖော်ထုတ်ရေးသားလိုက်ရပါတယ်။(တောင်ညိုမင်းသမီးပုံ ရှာလို့မရတဲ့အတွက် ရှိတဲ့ပုံလေးပဲ သုံးလိုက်ပါတယ်)
ကိုးကား
ဒဂုန်ခင်ခင်လေး ရတနာပုံနိဒါန်းနဲ့နိဂုံး
မောင်သန်းဆွေ(ထားဝယ်) ကုန်းဘောင်ရှင်းတမ်း