နတ်ကိုင်ကြမ်းလှပါတယ်ဆိုတဲ့ သစ်ပင်ကြီးအောက်ကနတ်ရုပ်ကြီး ကို တံတားလုပ် တက်နင်းဖြတ်တဲ့လူရဲ့အဖြစ်
လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်
ပုံပြင်ကလေးက ဒီလိုဗျ။ တခါက ရွာတရွာမှာ ရွာဦးနတ်ကွန်းဘေးမှာ ရေနှုတ်မြောင်း ဖြတ်စီးနေတယ်။
နတ်ကွန်းထဲက နတ်ရုပ်က မတ်တတ်ကိုယ်တော်ကြီး။
တနေ့တော့ လူတယောက်က မြောင်းဘောင်အတိုင်း လျှောက်လာပြီး ဟိုဘက်ကမ်းကို ကူးမယ်လုပ်တယ်။ အဲ့မြောင်းထဲမှာ ရေတော်တော်များနေတယ်။
ညက မိုးရွာထားတာကိုး။ ခုန်ကူးရအောင်ကလဲ မမီမကမ်းနဲ့။ မြောင်းထဲ ဆင်းကူးယင်လဲ ရေစိုမယ်လေ။ ပြီးတော့ ဒီလူကလဲ ခပ်ရွတ်ရွတ်ဆိုတော့ နတ်ကွန်းထဲက နတ်ရုပ်ကြီးကို ဆွဲချလာ၊ မြောင်းပေါ်ခွကျော်ပီး ချ၊ ပီးမှ နတ်ရုပ်ကြီးကို တုံးတံတားလုပ်ပြီး မြောင်းကို ကူးသွားတယ်။ ဟိုဘက်ကမ်းအဆင်းမှာ နတ်ရုပ်ကြီး မျက်နှာခွက်ကိုတောင် ဆောင့်နင်းသွားလိုက်သေးသတဲ့
သိပ်မကြာလိုက်ပါဘူး။ လယ်သမားကြီးတယောက် ရောက်လာတယ်။ သူကတော့ နတ်ရုပ်ကြီးမျက်ခွက်မှာ ရွှံ့ခြေရာကြီး ပေနေတာ တွေ့တော့ မျက်စေ့တောင် ပျာခနဲ ဖြစ်သွားပီး မြောင်းထဲဆင်း၊ ရေတွေ လက်ခုပ်နဲ့ ခပ်၊ နတ်ရုပ်ကြီးကိုဆေး၊ မနိုင့်တနိုင်နဲ့ မ၊ နတ်ကွန်းထဲ ပြန်ထူထားလိုက်တယ်။
အဲ့မှာ မထီမဲ့မြင်လုပ်တယ်ဆိုပီး နတ်ကြီးက ဖမ်းစားသတဲ့။ ဘယ်သူ့ကိုလဲဆိုတော့ သူ့ကို နတ်ကွန်းထဲ ပြန်ထားတဲ့ လယ်သမားကြီး ကို၊ သူ့ကို ချနင်းသွားတဲ့ လူကို မဟုတ်ဘူး။ နတ်ရုပ်ကို ရွှေ့ပြောင်းရာမှာ အစဉ်အလာရှိတဲ့အတိုင်း အမွှေးတိုင်ထွန်းပြီး မပင့်မလျှောက်လို့တဲ့၊ နတ်ဆရာတွေက ဒီလိုဟောလို့ လယ်သမားကြီးက ဝက်ပေါ်ပြီး ပူဇော်ရသတဲ့။
ဒါနဲ့ သူ့သူငယ်ချင်းနတ်တွေက အဲ့နတ်ကို ဝိုင်းလှောင်ကြတယ်- မင်းကွာ မင့်ကို တက်နင်းသွားတဲ့ ကောင်တော့ ဖမ်းမစားရဲဘူး ပေါ့။ဟ..ငါ့ကိုမရိုမသေမကြောက်မရွံ့လို့မှ မျက်ခွက်တောင် ဖနောင့်နဲ့ပေါက်သွားတဲ့လူကို ငါကသွားကိုင်ရင် မကြောက်ရွံ့တဲ့အပြင် ငါ့နတ်စင်ပါတောင်အမှုန့်ကြိတ်သွားမှာပေါ့။
သူငယ်ချင်းနတ်တွေက” ဒါဆို မင်းကိုရိုသေကြောက်ရွံ့တဲ့လူကိုပဲအမိအရကိုင်လိုက်တာပေါ့”
ဒီတော့ အဲ့နတ်က အားရပါးရ ရယ်ပီး ပြန်ပြောသတဲ့။
‘ဟေ့ကောင်တွေ၊ မင်းတို့ မသိဘူးလား၊ လူကောင်းကို အနိုင်ကျင့်ရတာ လွယ်တယ်ကွ’ တဲ့။
တချို့တွေက သူတို့အခွက်ကို တက်နင်းတဲ့ ကောင်တွေနဲ့ပဲ တန်တယ်။