အခ်စ္နွင့္ဘဝ

ပျိုပျိုမေတို့ ဘယ်လိုအကြောင်းနဲ့မဆို စိတ်ဓာတ်ကျတိုင်း ဖတ်ဖို့…

ပျိုပျိုမေတို့ ဘယ်လိုအကြောင်းနဲ့မဆို စိတ်ဓာတ်ကျတိုင်း ဖတ်ဖို့…

အရာအားလုံး စင်းလုံးချောနေတဲ့ ဘဝဆိုတာ မရှိပါဘူး။ ဒါကြောင့် တစ်ကြိမ်တစ်ခါလောက်တော့ စိတ်တွေ အောက်ဆုံးထိ ကျနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါမှမဟုတ် စိတ်ဓာတ်ကျရတဲ့ အချိန်တွေကို မကြာခဏ ကြုံရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လို ပဲ ဖြစ်ဖြစ် စိတ်ဓာတ်ကျတယ်လို့ ဖြစ်လေ့ဖြစ်ထ ရှိတဲ့အရာမို့ စိတ်ဓာတ်ကျတဲ့ အချိန်တွေကနေ ပြန်ပြီး လွတ်မြောက်သွားဖို့ ကိုယ့်ဘက်က အခု ဖော်ပြပေးမယ့် အချက်တွေလို ပြုလုပ်ပေးလေ ကိုယ့် အတွက် ပိုပြီး စိတ်သက်သာလေ ဖြစ်မှာပါနော် …။

ကိုယ့်ထက် ဆိုးတဲ့သူတွေ ရှိတယ်…

ဘဝမှာ ကိုယ့်ကိုယ်ကို အခြေအနေဆိုးလွန်းတဲ့ အခြေအနေကို ရောက်ပြီလို့ ခံစားရချိန်မှာ ကိုယ့်ကို ပြန် အားတက်စေနိုင်တဲ့ ဘဝတွေ ရှိပါသေးတယ်။ လမ်းဘေးမှာ ပဲ အိပ်၊ လမ်းဘေးမှာပဲ စားရတဲ့ ဘဝတွေ၊ စားစရာ မရှိလို့ ခက်ခဲနေတဲ့ ဘဝတွေ၊ စစ်ဘေးကြောင့် ပြေးနေရတဲ့သူတွေ၊ ငယ်ဘဝတည်းက အဖေ၊ အမေကို ဆုံးရှုံးလိုက်ရသူတွေ စသဖြင့် ကိုယ့်ထက် ဆိုးတဲ့သူတွေကြောင့် ဘဝကို ကြံဖန် ဖြတ်ကျော်ဖို့ ရုန်းကန်နေတာမို့ သင်လည်း ဒီခွန်အားတွေကို အတုယူပြီး ပြန်ပြီး ဖြတ်ကျော်ဖို့ ကြိုးစားလိုက်ပါ …။

ဒါ ကိုယ့်ဘဝပဲ…

လူတိုင်းမှာ အခြေအနေတွေ အမျိုးမျိုးနဲ့ ဘဝအမျိုးမျိုး ရှိပါတယ်။ ကိုယ့်ဘဝကို အားမရ ဖြစ်နေတာထက် စာရင် ဒါက ငါ့ရဲ့ ဘဝ အခြေအနေပဲလို့ လက်ခံလိုက်တဲ့အခါမှာ သင့်ရဲ့ ဖိစီးနေတဲ့ စိတ် ကို ၃ ပုံ ၁ ပုံလောက် သက်သာ သွားစေ နိုင်ပါတယ် …။

အကောင်းဆုံးတော့ လုပ်ရမှာပေါ့…

အကောင်းဆုံး ဆောင်ရွက်ပြီးမှာ ဆက်စိတ်ညစ်လို့လည်း ရပါတယ်။ ဘယ်လောက်ပဲ စိတ်ညစ်ညစ်၊ အဆင်မပြေ ဖြစ်ဖြစ် ကိုယ် စွမ်းနိုင်သမျှ အကောင်းဆုံး လုပ်ဖို့ ကြိုးစားကြည့်ပါ။ တစ်စက်ကလေးမှ လက်မလျှော့ဘဲ ကြိုးစားနေတာက သင့်ရဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေ ပါတယ် …။

ဒီတိုင်းတော့ အရှုံးမပေးလိုက်ပါနဲ့…

ငါတော့ ဘာမှ မတတ်နိုင်ဘူးဆိုတဲ့ စိတ်ကို ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ အဆုံးအထိ ကိုယ့်ဘက်က ကြိုးစားနေဖို့ လိုပါတယ်။ တစ် ဘဝလုံး ကံမကောင်းမှုတွေနဲ့ ရှုံးနိမ့်နေပြီး လူလတ်ပိုင်းနဲ့ လူကြီးပိုင်း အရွယ်မှ အောင်မြင် သွားကြသူတွေ ရှိပါတယ်။ ကိုယ့်ဘက်က အမြဲ ကြိုးစားနေဖို့ပဲ လိုပါတယ် …။

ပိုပြီး လောဘတော့ မကြီးလိုက်ပါနဲ့…

လောဘဆိုတာလည်း ကောင်းတဲ့အရာ မဟုတ်ပါဘူး။ ကိုယ် ကြိုးစားသမျှ အရာမထင်ဘူးဆိုတာမှာ လောဘကြောင့် ဖြစ်တတ်တာကို သတိပြုသင့်ပါတယ်။ အလိုကြီး အရနည်း ဆိုတဲ့ သဘောကို သိနားလည်ပြီး လောဘတွေ အရမ်း မကြီးဖို့လည်း ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ ချက်ချင်း အောင်မြင်ဖို့ဆိုတာ မလွယ်ကူပါဘူးနော် …။

ကိုယ်က ဘယ်အရာမှ ကြို မမြင်နိုင်ပါဘူး…

ဒီနေ့ ခက်ခဲနေပေမယ့် မနက်ဖြန်မှာ ကိုယ် မမြင်နိုင်တဲ့ အကြောင်းတရားတွေ ရောက်လာပြီး ကိုယ် အဆင်ပြေသွားတာလည်း ဖြစ်ပါတယ်။ ထီတစ်စောင်ထိုးပြီး ထီပေါက်တာမျိုးလည်း ရှိတာမို့ ကိုယ် ဘယ်နေ့ ကံကောင်းမယ်ဆိုတာ မသိနိုင်တာမို့ စိတ်ဓာတ်တွေ ကျလည်း အားတင်းထားဖို့ လိုပါတယ် …။ ။

Kham

Credit – Aunty May