News

ပြည်တွင်းရွှေဈေး ၃၅ သိန်းအထက်မှာ အတက်အကျ မြန်ဆန်နေ…

ကမ္ဘာ့ရွှေဈေး မာနေတာနဲ့ ပြည်တွင်းအခြေအနေတွေကြောင့် မနေ့က တစ်ကျပ်သားကို ကျပ် ၃၅ သိန်းကျော် ဈေးတန်းဆီ ပြန်ရောက်လာတဲ့ ရွှေဈေးဟာ

ဒီနေ့မှာတော့ ကျပ် ၃၅ သိန်းအပေါ်မှာ အတက်အကျ ပြောင်းလဲမှု များခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၉၈၆ ဒေါ်လာခန့်မှာ တည်ငြိမ်နေပေမဲ့ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ မကြာသေးခင်က အမေရိကန်က ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဒဏ်ခတ် အရေးယူမှု လုပ်ခဲ့တဲ့ ဂယက်တွေကြောင့် ဒေါ်လာရော ရွှေဈေးပါ တက်ရိပ် ဖြစ်ပေါ်လာပါတယ်။

ပြင်ပငွေလဲဈေးကွက်က ဒေါ်လာဈေးဟာ တစ်ဒေါ်လာကို ၃၂၀၀ ဝန်းကျင်မှာ ကာလအတော်ကြာ ငြိမ်နေရာက ဒီရက်ပိုင်းမှာ ၃၃၀၀ ကျပ်ခန့်ကို မြင့်တက်လာပြီး တချိန်တည်းမှာ ပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၃၅ သိန်းအထက် ပြန်ရောက်လာခဲ့ပါတယ်။

“ပြည်တွင်းရွှေဈေးကတော့ ဒေါ်လာဈေးပေါ်မှာ မူတည်နေမှာပဲ။ သိပ်တော့ ကျသွားစရာမရှိဘူး။ ၃၄ သိန်း၊ ၃၅ သိန်းအောက်တော့ ရောက်စရာ မရှိပါဘူး။ ဒေါ်လာတွေ ဆက်တက်ရင်တော့ တက်မယ်” လို့ ပြည်တွင်းက ရွှေလုပ်ငန်းရှင်တဦးက သတင်းမီဒီယာတစ်ခုကို ပြောဆိုထားပါတယ်။

ဒီနေ့ နိုဝင်ဘာ ၃ ရက်နေ့မှာ ပြည်တွင်းရွှေဈေးက နေ့လယ် ဈေးဖွင့်တာနဲ့ ကျပ် ၃၅၅၀,၀၀၀ နဲ့ ၃၅၆၀,၀၀၀ ထိ မြင့်တက်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆက်တိုက် ပြန်ကျပြီး ညနေပိုင်းမှာ ကျပ် ၃၅၂၀,၀၀၀ နားကို ပြန်ဆင်းသွားပါတယ်။ ဒါကြောင့် ရွှေဈေးဟာ တစ်နေ့တာအတွင်းမှာ ကျပ်သောင်းဂဏန်းခန့် အတက်အကျ ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။

ဒီနှစ် သြဂုတ်လတုန်းက ဒေါ်လာဈေး မြင့်တက်တာ၊ စင်ကာပူ UOB ဘဏ်က မြန်မာဘဏ်တွေနဲ့ ချိတ်ဆက်မှု ဖြတ်တောက်တာ၊ နှစ်သောင်းတန်ငွေစက္ကူသစ် ရိုက်နှိပ်တာ စတဲ့အခြေအနေအရပ်ရပ်ကြောင့် ရွှေဈေးက ကျပ် ၃၉ သိန်းနဲ့ သိန်း ၄၀ ကြားအထိ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ စာရေးသူ – ငွေကြယ်