ရင်းနှီးမြှုပ်နှံသူတွေက ဗဟိုဘဏ်အစည်းအဝေးတွေနဲ့ အတိုးနှုန်းအလားအလာကို စောင့်ကြည့်နေတဲ့အတွက် ဒီနေ့ ဈေးဖွင့်ရက် တနင်္လာနေ့မှာ ဒေါ်လာတန်ဖိုး မြင့်လာပြီး ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၂၀၀၀ အောက် ကျသွားပါတယ်
ဒီနေ့ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၉၉၇ ဒေါ်လာဝန်းကျင် ရှိနေပြီး အမေရိကန်ရွှေကြိုပွိုင့်ဈေးကလည်း ၂၀၁၃.၂၀ ဒေါ်လာမှာ ရှိနေပါတယ်။
(Current Content က တင်ပြတဲ့သတင်း ဖြစ်ပါတယ်)
ပြီးခဲ့တဲ့သောကြာနေ့မှာ အမေရိကန်အလုပ်အကိုင်ဈေးကွက်အခြေအနေ ကောင်းမွန်နေကြောင်း အစီရင်ခံစာ ထွက်ခဲ့ပြီး ဒီအချက်က ဗဟိုဘဏ်ရဲ့အတိုးနှုန်း ဆုံးဖြတ်ချက်အပေါ် ဘယ်လို ပုံဖော်မယ်ဆိုတာကို အများက စောင့်ကြည့်နေတဲ့အတွက် ရွှေဈေးကွက်မှာ ဖိအားတွေ များနေပါတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဒီနေ့ (တနင်္လာနေ့) ဈေးကွက်ဖွင့်ရက်မှာ အမေရိကန်ဒေါ်လာဟာ ထိပ်တန်းငွေကြေးတွေနဲ့ လဲလှယ်ရာမှာ ဝ.၁ % တန်ဖိုးတက်လာပြီး တဖက်မှာတော့ ရွှေဈေးက ဒေါ်လာ ၂၀၀၀ အောက် ပြုတ်ကျသွားခဲ့ပါတယ်။
ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၂၀၀၀ အောက် ပြန်ဆင်းလာတာနဲ့ မြန်မာပြည်တွင်းရွှေဈေးကလည်း တစ်ကျပ်သားကို ကျပ် ၃၇ သိန်းအောက် ပြန်ကျလာပြီး ဒီနေ့မှာ ၃၆၉၀,၀၀၀ – ၃၆၉၅,၀၀၀ ဝန်းကျင်နဲ့ ရောင်းဝယ်နေပါတယ်။ စာရေးသူ- ငွေကြယ်