News

The world gold price reached the highest in almost a month

အမေရိကန်နိုင်ငံရဲ့ ငွေဖောင်းပွမှု လျော့ကျလာတဲ့သတင်း ထုတ်ပြန်လာတဲ့နောက် ဒီနေ့ ကမ္ဘာ့ရွှေဈေးဟာ တစ်လနီးပါးအတွင်း အမြင့်ဆုံးကို ရောက်လာပြီး ကုန်သည်တွေက ကန်ဗဟိုဘဏ်တာဝန်ရှိသူတွေ ဘယ်လို စကားမျိုး ထွက်လာမလဲ ဆိုတာ စောင့်မျှော်နေကြပါတယ်။

ဒီနေ့ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၀၅၀ ဒေါ်လာအထက် မြင့်လာပြီး ဖေဖော်ဝါရီ ၂ ရက်နောက်ပိုင်း အမြင့်ဆုံး ရောက်လာပေမဲ့ နောက်ပိုင်းမှာတော့ ၂၀၄၅ ကနေ ၂၀၄၀ ဒေါ်လာဝန်းကျင်ကို ပြန်ကျသွားပါတယ်။

မနေ့က ထုတ်ပြန်တဲ့ အမေရိကန်ရဲ့ တကိုယ်ရေစားသုံးမှုညွှန်းကိန်းဟာ ၂.၄ % သာ ရှိခဲ့တာကြောင့် ဒါဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း အနည်းဆုံး တိုးနှုန်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်ဗဟိုဘဏ် တာဝန်ရှိသူတွေဟာ ငွေဖောင်းပွမှုနှုန်း အမျိုးမျိုးကို စောင့်ကြည့်နေပြီး ဒီနှစ်နှောင်းပိုင်းမှာ အတိုးနှုန်း ဘယ်လို ပြင်ဆင် ပြောင်းလဲမယ်ဆိုတာကို ချိန်ဆနေကြပါတယ်။

ကမ္ဘာ့ရွှေဈေး တစ်လနီးပါးအတွင်း အမြင့်ဆုံး ရောက်လာချိန်မှာ ဒီနေ့ မတ်လ ၁ ရက် မြန်မာ့ရွှေဈေးကတော့ တစ်ကျပ်သားကို ၃၉၂၀,၀၀၀ – ၃၉၃၀,၀၀၀ ဝန်းကျင်မှာ အတက်အကျ ဖြစ်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြည်တွင်းရွှေဈေးဟာ လဆန်းပိုင်းမှာ ၃၈ သိန်းနားအထိ ထိုးကျခဲ့ပြီး လလယ်ပိုင်းမှာ ၃၉ သိန်းခွဲအထိ မြင့်တက်ခဲ့ပါတယ်။ ပြီးတော့ လကုန်ပိုင်းမှာတော့ ၃၉ သိန်းအောက်အထိ တဖန် ပြန်ကျခဲ့ပြီး အခု မတ်လအစမှာ ၃၉ သိန်းအပေါ် ပြန်ရောက်နေပါတယ်။

စာရေးသူ- ငွေကြယ်