News

How will the domestic gold market open after Thingyan?

အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲအငွေ့အသက်တွေ အရှိန်ရလာတာနဲ့အမျှ စိတ်ချလုံခြုံရတဲ့ရွှေကို ဝယ်ယူမှု များလာတဲ့အတွက် ဒီနေ့ ကမ္ဘာ့ရွှေဈေးက မြင့်တက်လာပြီး အမြင့်ဆုံးစံချိန်နားကို ပြန်ရောက်နေပါတယ်။

ဒီနေ့ ဧပြီ ၁၆ ရက်မှာ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၃၈၅ ဒေါ်လာဝန်းကျင် ဖြစ်နေပြီး အမေရိကန်ရွှေကြိုပွိုင့်က ၂၄၀၀ ဒေါ်လာမှာ တည်ရှိနေပါတယ်။

ဒီနေ့ပေါက်ဈေးတွေဟာ အရင်အပတ် သောကြာနေ့က ရောက်ခဲ့တဲ့ အမြင့်ဆုံးစံချိန်ဈေး ၂၄၃၁ ဒေါ်လာဆီကို ပြန်ဦးတည်နေပြီး အမြင့်တန်းမှာ ဆက်လက် တည်ရှိနေပါတယ်။ (Current Content ရဲ့သတင်း ဖြစ်ပါတယ်)

အစ္စရေးအနေနဲ့ အီရန်ရဲ့ မကြုံစဖူး တိုက်ရိုက် တိုက်ခိုက်မှုကို ဝန်ကြီးချုပ်နေတန်ယာဟုက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာကို စောင့်ဆိုင်းနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းကတော့ အစ္စရေးကို လက်တုံ့မပြန်ဘဲ သည်းခံလိုက်ဖို့ ဖိအားပေးနေကြပါတယ်။

ဒီအတောအတွင်း အမေရိကန်ဗဟိုဘဏ် တာဝန်ရှိသူတဦးက နိုင်ငံရဲ့ငွေဖောင်းပွမှုဟာ လျာထားချက်ဖြစ်တဲ့ ၂ % ပေါ်မှာ ရှိနေဆဲ ဖြစ်ပြီး အလုပ်အကိုင်ဈေးကွက်လည်း ကောင်းမွန်နေတာကြောင့် အတိုးနှုန်းကို အလျင်စလို မလျှော့နိုင်သေးဘူးလို့ ပြောဆိုထားပါတယ်။

ကမ္ဘာ့ရွှေဈေး အမြင့်ဆုံးစံချိန်နားမှာ ရှိနေချိန်အတွင်း ပြည်တွင်းရွှေဈေးကွက်က သင်္ကြန်ကာလ ပိတ်ထားပြီး ဈေးကွက် ပြန်အဖွင့်မှာ ဘယ်ဈေးနဲ့ ဖွင့်လာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Ref: Reuters စာရေးသူ – ငွေကြယ်