ပြည်တွင်းမှာ ဒေါ်လာစျေးတွေ ဆက်တိုက်ကျဆင်းလာနေပြီး ၄ လအတွင်း အနိမ့်ဆုံး စျေးတန်းတစ်ခုကို ပြန်ရောက်လာပေမယ့် ရေရှည်အကျဘက်ကို မသွားဘူးလို့ စျေးကွက်စောင့်ကြည့်သူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ကောလဟာလ ပေါင်းစုံနဲ့အတူ ဒေါ်လာစျေးဟာ ကျပ် ၇၀၀၀ အထိ တက်ခဲ့ပြီး အမြင့်ဆုံးတန်းကို ရောက်ရှိခဲ့ကာ
လက်ရှိ အောက်တိုဘာလ ၁၄ ရက်မှာတော့ ၁ ဒေါ်လာကို ၄၅၀၀ ကျပ် အောက်ထိ ပြန်ဆင်းလာခဲ့ပါတယ်။
ကာလတို အနေအထားမှာ ဒေါ်လာစျေး ဆက်ဆင်းမယ်ဆိုရင်တောင် ၄၀၀၀ အောက်ထိ မဆင်းနိုင်တော့ဘူးလို့ ငွေကြေးစျေးကွက် စောင့်ကြည့်သူတွေဘက်က သုံးသပ်ထားသလို အခုချိန်မှာ ဒေါ်လာကို ရေတိုလုပ်ငန်းသဘောဖြင့် ရောင်းဝယ်တာမျိုး မလုပ်သင့်ကြောင်း သတိပေးထားပါတယ်။
ပြည်တွင်းမှာ နိုင်ငံခြားဝင်ငွေရပေါက်ရလမ်း နည်းပါးခြင်းကြောင့် ဒေါ်လာဈေး ရေရှည်အကျဘက်ကို မရောက်နိုင်ဘဲ နှစ်ကုန်ပြီးချိန်တွင် ပြန်လည်မြင့်တက်လာနိုင်တယ်လို့ ဈေးကွက် လေ့လာသုံးသပ်သူတွေဘက်က သုံးသပ်ထားကြောင်း MPA သတင်းမှာ ဖော်ပြထားပါတယ်။
ဒေါ်လာစျေးနဲ့ ရွှေစျေးတို့ သိသိသာသာ ကျဆင်းလာပေမယ့် ပြည်တွင်းမှာ ကုန်စျေးနှုန်း ကျဆင်းမှုမရှိသလို အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေ စျေးတက်လာနေပါတယ်။
အခုလို ဒေါ်လာစျေး အတက်အကျ ကြမ်းခြင်းဟာ လုပ်ငန်းတွေ လည်ပတ်ဖို့အတွက် ကြီးမားတဲ့ထိခိုက်မှုတွေ ဖြစ်လာစေပြီး အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ဆက်လက် ရပ်တည်ဖို့ရာ ခက်ခဲမှုတွေရှိလာစေတာ ဖြစ်ပါတယ်။