ဒေါ်လာ-ကျပ် ငွေလဲနှုန်းဈေး ပြန်ကျနေပေမဲ့ ကမ္ဘာ့ရွှေဈေးတက်လို့ ရွှေအသင်းရဲ့ ရွှေရည်ညွှန်းဈေးက တကျပ်သားကို ကျပ် ၅၅ သိန်းကျော်အထိ မြင့်တက်လာပါတယ်။
ဒီနေ့ ကမ္ဘာရွှေ တအောင်စကို ဒေါ်လာ ၂၇၀၀ ကျော်အထိ အတက်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း YGEA ရဲ့
သတ်မှတ်ရွှေဈေးက တကျပ်သားကို ၅၅၄၁၅၁၀ ကျပ်ထိ မြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ရက်က အသင်းဈေးဟာ ကျပ် ၅၄ သိန်းအထက်မှာပဲ ရှိခဲ့တာဖြစ်လို့ တရက်အတွင်း ကျပ် ၁ သိန်းကျော် ထိုးတက်လာတာ ဖြစ်ပါတယ်။ ပြင်ပရွှေဈေးကလည်း ကျပ် ၆၂ သိန်း ဝန်းကျင်မှာ ရှိရာကနေ ကျပ် ၆၃ သိန်းခွဲဝန်းကျင်အထိ တက်ရိပ်ပြလာပါတယ်။
ရွှေအသင်းဟာ နိုင်ငံတကာ ရွှေဈေးကို ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ဈေးနဲ့ တွက်ချက်ပြီး ရည်ညွှန်းဈေးထုတ်ပြန်တာဖြစ်ပါတယ်။
မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကတော့ ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်မှာ တဒေါ်လာကို ၄၃၅၀-၄၄၅၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိပြီး အကျဈေးမှာ ငြိမ်နေတဲ့ သဘောရှိပါတယ်။
ဗဟိုဘဏ်က စက်သုံးဆီနဲ့ စားသုံးဆီလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၅ သန်း ထုတ်ရောင်းမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။