ဒီရက်ပိုင်း လူမှုကွန်ယက်တွေမှာ ဖော်ပြလာကြတဲ့ ရွှေစျေး ၁ ကျပ်သားကို ကျပ်သိန်း ၁၀၀ ဖြစ်တော့မယ်ဆိုတဲ့ ကောလဟာလတွေကို
မယုံကြည်ဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA က အသိပေးမှု ပြုလုပ်လာနေပါတယ်။
လူမှုကွန်ယက်ပေါ်မှာ ဒေါ်လာဈေး မတက်လျင် ရွှေဈေး ကျပ်သိန်း (၈၀)၊ ဒေါ်လာဈေးတက်လျင် ရွှေဈေး ကျပ်သိန်း (၁၀၀) ဖြစ်မယ်ဆိုတဲ့
ကောလာဟလတွေ ထုတ်လွှင့်ပြီး ရွှေဈေးတွေကို ဆွဲတင်နေတာလို့လည်း YGEA အသင်းက ထုတ်ပြန်ထားပါတယ်။
ယခုရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေဈေး အမေရိကန်ဒေါ်လာ ၂၇၀၀ အထက်ကို စံချိန်တင် မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းတွေ လိုက်တက်နေပါတယ်။
တဖက်မှာတော့ စျေးကစားသူတွေက တရုတ်ပြည်နယ်စပ်ဂိတ်တွေ ပိတ်ခြင်းကို အကြောင်းပြုပြီး ဒေါ်လာဈေးတက်တော့မယ်လို့ ကြောက်ရောင်း ကြောက်ဝယ်တွေ စျေးကွက်ထဲဝင်လာအောင် ဖွရာကနေ ဗဟိုဘဏ်ပြင်ပမှာ ဒေါ်လာငွေလဲနှုန်းက ၄၇၀၀ ကျပ်ဝန်းကျင် ပြန်ဖြစ်လာပါတယ်။
ဒါပေမဲ့လို့ စျေးဆွဲတင်ခြင်းဟာ ထင်သလို အလုပ်မဖြစ်လာဘဲ ဒီနေ့မှာတော့ ရွှေဈေး၊ ငွေဈေးတွေ ကျရိပ်ပြလာပြီး ဆက်လက်ကျဆင်းလာမယ့် အရိပ်အယောင်ရှိနေပါတယ်။
ဝါရင့် ရွှေအရောင်းအဝယ်သမားတွေနဲ့ စျေးကွက် စောင့်ကြည့်သူတွေကလည်း လက်ရှိ ကာလဟာ စျေးနှုန်း အတက်အကျ သိပ်မြန်နိုင်ပြီး မလိုအပ်ဘဲ ဝယ်ရောင်း ဝင်မလုပ်သင့်ကြောင်း သတိပေးနေကြပါတယ်။