News

ရွှေဈေးတည်ငြိမ်ဖို့ ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီဖွဲ့စည်း

ပြည်တွင်း ရွှေဈေးနှုန်း တည်ငြိမ်မှန်ကန်စေဖို့ ဆိုပြီတော့ နေ့စဉ် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီ ဖွဲ့စည်းလိုက်တယ်လို့ အောက်တိုဘာ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီကော်မတီမှာ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေး ဒု-ဝန်ကြီးကို ဥက္ကဋ္ဌအဖြစ်တာဝန် ပေးထားပြီး ဒုဝန်ကြီးဦးမင်းသူက ဦးဆောင်ပြီး နေ့စဉ် ရွှေရည်ညွှန်းဈေးကို ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ကော်မတီရဲ့ ဒု-ဥက္ကဋ္ဌအဖြစ် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌမှတာဝန်ယူဆောင်ရွက်မှာ ဖြစ်ပြီး အတွင်းရေးမှူးတစ်ဦး၊ တွဲဘက်အတွင်းရေးမှူး (၂)ဦးနဲ့ အဖွဲ့ဝင်(၁၀)ဦး ပါဝင်ပါတယ်။

အဲဒီကော်မတီဟာ ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရွှေရည်ညွှန်းဈေးကို နေ့စဉ် အွန်လိုင်းအစည်းအဝေး လုပ်ပြီး အတည်ပြုသတ်မှတ်ထုတ်ပြန်ပေးရမှာ ဖြစ်ပါတယ်။

အဲဒီလို သတ်မှတ်ထုတ်ပြန်တဲ့ ရွှေရည်ညွှန်းဈေးကို ပြည်သူများသိရှိနိုင်ဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ချိတ်ဆက်ဆောင်ရွက်မှာ ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနှုန်း ထူးခြားစွာ ပြောင်းလဲလာရင် ရွှေရည်ညွှန်းဈေးကို အချိန် နဲ့ တစ်ပြေးညီ ညှိနှိုင်းထုတ်ပြန်ပေးရမယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာ ရွှေဈေး မတည်ငြိမ်အောင် ရည်ရွယ်လုပ်ဆောင်တာတွေကို ကာကွယ်တားဆီးတာ၊ ရွှေနဲ့ ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်တိုင်း/မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း၊ သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ကျွမ်းကျင်ပညာရှင်များဖြင့် ညှိနှိုင်းဆောင်ရွက်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီနေ့ အောက်တိုဘာ ၂၆ အထိ ရွှေရည်ညွှန်းဈေးကို ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားပြီး တစ်ကျပ်သားကို ကျပ် ၅၆ သိန်းကျော်အဖြစ် သတ်မှတ်ထားပါတယ်။ ပြင်ပရွှေဈေးကတော့ ကျပ် ၆၅ သိန်း ဝန်းကျင်မှာ ရှိနေတာကြောင့် သတ်မှတ်ဈေးထက် ကျပ် ၉ သိန်းလောက် ကွာဟနေဆဲ ဖြစ်ပါတယ်။ Ref: YGEA စာရေးသူ- ငွေကြယ်