အရင်ရက်တွေက ခဏတာ ကျဆင်းခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီနေ့ စံချိန်သစ်နဲ့ ပြန်တက်လာပြီး တချိန်တည်းမှာ မြန်မာ့ရွှေဈေးကလည်း တပါတည်း လိုက်တက်နေပါတယ်။ ဒီနေ့ မနက်ပိုင်းမှာ ကမ္ဘာ့ရွှေ တစ်အောင်စကို ၂၃၈၇ ဒေါ်လာဝန်းကျင် ရှိနေပြီး အစောပိုင်းတုန်းက ၂၃၈၉ ဒေါ်လာအထိ ရောက်ရှိခဲ့တဲ့အတွက် သမိုင်းတလျှောက် အမြင့်ဆုံးစံချိန် ထပ်တင်ခဲ့ပါတယ်။ (ဒီညနေမှာဆိုရင် တစ်အောင်စကို ဒေါ်လာ ၂၄၀၀ အထိတောင် ရောက်ရှိလာပါတယ်) အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးအခြေအနေ ကောင်းမွန်လာကြောင်း ညွှန်ပြတဲ့အစီရင်ခံစာတွေ ထွက်ပေါ်နေပေမဲ့ ပထဝီနိုင်ငံရေး မတည်ငြိမ်မှုတွေက စိတ်ချရတဲ့ရွှေကိုသာ ဝယ်ယူထားဖို့ တွန်းအားတွေ ဖြစ်ပေါ်စေတာကြောင့် ရွှေဈေးက တက်ပြီးရင်းတက် ဖြစ်နေပါတယ်။ မကြာသေးခင်က သတင်းတစ်ပုဒ်မှာလည်း ကမ္ဘာတဝန်းက ဗဟိုဘဏ်ကြီးတွေ ကိုယ်တိုင်က အရန်ရွှေပမာဏ တိုးမြှင့်ဖို့အတွက် ရွှေဝယ်ယူစုဆောင်းမှုတွေ လုပ်နေတယ်လို့ ဖော်ပြပါတယ်။ […]