အခုတစ်ခေါက်တင်ဆက်ပေးသွားမယ့် အကြောင်းအရာကတော့ အသက် ၁၁၇ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်အရှည်ဆုံးလူသားတစ်ယောက်ရဲ့ အသက်ရှည်နည်းလျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် ၂၀၁၉ မတ်လ ၉ ရက်နေ့မှာ ကမ္ဘာ့ဂန်းနစ်မှတ်တမ်းအဖွဲ့ကနေ ဂျပန်နိုင်ငံ၊ Fukuoka မြို့မှာ နေထိုင်တဲ့ အဘွား Kane Tanaka ကို ကမ္ဘာ့အသက်အရှည်ဆုံးအမျိုးသမီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ အသက်ရှည်တဲ့ အဘိုး၊ အဘွားတွေ အင်မတန်ပေါများတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဒီ အဘွားရဲ့ အသက်ကတော့ အခုအချိန်မှာဆိုရင် ၁၁၇ နှစ်ရှိခဲ့ပါပြီ။ ဒီလို နှစ်ပေါင်းရာနဲ့ချီရှိနေပြီဖြစ်တဲ့ သက်တမ်းရှည်အဘွားဟာ အခုအချိန်အထိ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဘဝကို ဖြတ်သန်းနေသူတစ်ယောက်ပါ။ အဘွားက သူမ ဘာကြောင့် အခုလို အသက်ရှည်ရှည်နဲ့ နေထိုင်နိုင်ခဲ့တဲ့ လျှို့ဝှက်ချက်တွေကိုလည်း ပြောပြခဲ့ပါတယ်။
အဘွား Kane Tanaka အကြောင်း…
အသက်ရာကျော်အချိန်အထိ ကျန်းကျန်းမာမာနဲ့ နေထိုင်နေတဲ့ အဘွားကို ၁၉၀၃ ခုနှစ်၊ ဇန်နဝါရီလ၊ ၂ ရက်နေ့ မေဂျီခေတ်မှာ မွေးဖွားခဲ့ပါတယ်။ အဲဒီနှစ်ဟာ ရိုက်ညီနောင်ရဲ့ ပထမဆုံးလေယာဉ်ကို စမ်းသပ်အောင်မြင်တဲ့ နှစ်တစ်နှစ်လည်းဖြစ်ပါတယ်။ သူမဟာ သူမမိသားစုထဲမှာ ခုနှစ်ယောက်မြောက် သမီးတစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ လူကြီးတွေ ပေးစားခဲ့တဲ့ Hideo Tanaka ဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ လက်ထပ်ခဲ့ရပြီး သူနဲ့ အတူ ကလေး လေး ယောက်အထိ မွေးဖွားခဲ့ပါသေးတယ်။
ကျန်တဲ့ ကလေးတစ်ယောက်ကိုတော့ အပြင်ကနေ မွေးစားထားခဲ့ပြီး စုစုပေါင်း ကလေးငါးယောက်ရဲ့ မိခင်အဖြစ်ကို ရောက်ရှိခဲ့သူပါ။ အဘွားရဲ့ အမျိုးသားဟာ ဆန်ရောင်းဝယ်ရေးလုပ်ငန်းနဲ့ ခေါက်ဆွဲရောင်းဝယ်ရေးလုပ်ငန်းကို အဓိကထား လုပ်ကိုင်သူတစ်ယောက်ပဲ ဖြစ်ပါတယ်
မိသားစုဘဝ…
၁၉၃၇ ခုနှစ်မှာတော့ ခင်ပွန်းဖြစ်သူ Hideo စစ်ထဲပါသွားချိန်မှာတော့ သူမဟာ ခင်ပွန်းဖြစ်သူလုပ်ကိုင်နေတဲ့ စီးပွားရေးတွေကို ဦးစီးကာ လုပ်ကိုင်ခဲ့ရပါတယ်။ သူမလက်ထဲကို ဆန်ရောင်းဝယ်ရေးကိစ္စရပ်တွေနဲ့ စီးပွားရေးကိစ္စတွေ အားလုံးရောက်ရှိလာချိန်မှာတော့ ဒီထက်ပိုပြီး အမြတ်ငွေရအောင်ဆိုပြီး ကိတ်မုန့်တွေနဲ့ အခြားပစ္စည်းတွေကိုပါ ပူးတွဲရောင်းချခဲ့ပါတယ်။ သူမဟာ သူမရဲ့ ရင်သွေးတွေကိုပါ ထိန်းကျောင်းခဲ့ရုံသာမက ခင်ပွန်းဖြစ်သူရဲ့ မိခင်ကိုပါ ပြုစုစောင့်ရှောက်ထားခဲ့ပါတယ်။
သူတို့ဇနီးမောင်နှံရဲ့ ပထမဆုံးသားဦးဖြစ်သူ Nobuo ကလည်း ၁၉၄၃ ခုနှစ်မှာ စစ်ထဲရောက်သွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာပဲ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ သားဖြစ်သူတို့ဟာ တိုက်ပွဲမှာကျဆုံးသွားခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ သူမဟာ မိသားစုလုပ်ငန်းကို ဆက်လက်ဦးစီးလုပ်ကိုင်ခဲ့ပြီး အသက် ၆၃ နှစ်အရွယ်မှာတော့ အနားယူခဲ့ပါတယ်။
အဘွားဟာ အသက် ၁၀၃ နှစ်အရွယ်မှာပဲ အူမကြီးကင်ဆာရောဂါကို ခံစားခဲ့ပါတယ်။ ဒီလို ပြင်းထန်တဲ့ ကင်ဆာဖြစ်ခဲ့ပေမယ့်လည်း ငါးနာရီကြာအောင် ခွဲစိတ်ကုသမှုခံယူပြီးနောက်မှာတော့ ပြန်လည်သက်သာလာခဲ့ပါတယ်။ အဘွားဟာ အသက် ၁၀၇ နှစ်အရွယ်မှာ သူမဘဝဇာတ်ကြောင်းကို စာအုပ်အဖြစ် ရေးသားထုတ်ဝေခဲ့ပြီး အဲဒီစာအုပ်ထဲမှာ သူမ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ အသက်ရှည်နည်းတွေကိုပါ ရေးသားထားခဲ့ပါတယ်။
၂၀၀၅ ခုနှစ်ကစလို့ ကျန်းမာရေးချို့ယွင်းချက်တွေရှိလာတာကြောင့် သူနာပြုတွေရဲ့ အကူအညီနဲ့ ကျန်းမာရေးစောင့်ရှောက်မှုအောက်မှာ စတင်နေထိုင်ခဲ့ပါတယ်။ အသက်အရွယ်ကြီးရင့်လာမှုကြောင့် အဘွားက အရင်လို လှုပ်လှုပ်ရှားရှားမသွားနိုင်တော့ဘဲ ဘေးနားက အကူတစ်ယောက်ပါမှသာ သွားလာနိုင်ပါတော့တယ်။ အဘွား အနှစ်ခြိုက်ဆုံးအလုပ်ကတော့ ကဗျာရေးသားမှုအလုပ်ပဲဖြစ်ပြီး တစ်ချိန်က အမေရိကန်နိုင်ငံဆီ အလည်အပတ်သွားခဲ့တာက အစ အသေးစိတ်မှတ်မိနေတုန်းပဲဖြစ်ပါတယ်။
ဒီလို အသက်ရာကျော်ရှည်နေပြီဖြစ်တဲ့ အဘွားဟာ သူ့ရဲ့ အသက်ရှည်နည်းလျှို့ဝှက်ချက်တွေကို မကြာခဏပြောလေ့ရှိပါတယ်။ အဘွားရဲ့ အသက်ရှည်နည်းလျှို့ဝှက်ချက်တွေကတော့ အင်မတန် ရိုးရှင်းလွန်းလှပေမယ့် ကျန်းမာရေးအတွက် အလွန်သင့်လျော်လှပါတယ်။ အဲဒီအချက်တွေကတော့ –
– စောစောထခြင်း…
အဘွားဟာ အမြဲတမ်းလိုလို မနက် ၆ နာရီလောက် ထတတ်ပြီး သူမရဲ့ တစ်နေ့တာအတွက် အဆင်သင့်ဖြစ်နေပါပြီ။ ဒီလို အိပ်ရာကနေ စောစောထခြင်းဟာ ကျန်းမာရေးအတွက် သင့်လျော်တဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ကိုယ်လက်လှုပ်ရှားအားကစားတွေကို အမြဲပြုလုပ်လေ့ရှိပါတယ်။
– ဦးနှောက်ကို အလုပ်ပေးခြင်း…
အဘွားရဲ့ မှတ်ဉာဏ်တွေ လုံးဝချို့ယွင်းမသွားဘဲရှိနေတဲ့ အကြောင်းအရင်းကတော့ ဦးနှောက်ကို ကောင်းကောင်းအလုပ်ပေးခဲ့လို့ပဲဖြစ်ပါတယ်။ အဘွားဟာ အမြဲလိုလို စာဖတ်နေတတ်ပြီး တစ်ခါတစ်ရံမှာတော့ သင်္ချာတွက်နေတတ်ပါတယ်။
– တက်တက်ကြွကြွနေခြင်း…
အခုလို အသက်ရာကျော်အချိန်အထိ သက်တမ်းတည်ရှိနေနိုင်တဲ့နောက်တစ်ချက်ကတော့ လေးလံထိုင်းမှိုင်းမနေဘဲ တက်တက်ကြွကြွ နေလေ့ရှိတာပဲ ဖြစ်ပါတယ်။ အဘွားဟာ board game တွေ ကစားရတာ အင်မတန်နှစ်ခြိုက်ပြီး board games ကျွမ်းကျင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမ အကြိုက်ဆုံး ဂိမ်းကတော့ Othello ဂိမ်းပဲဖြစ်ပါတယ်။
– ချောကလတ်များများစား၊ ကော်ဖီများများသောက်
အဘွား ငယ်စဉ်အချိန်ကတည်းကနေ အခုအချိန်အထိ စွဲစွဲမြဲမြဲလုပ်လာခဲ့တဲ့ အလေ့အကျင့်တစ်ခုကတော့ ချောကလတ်စားတဲ့ အလေ့အကျင့်ဖြစ်ပြီး နောက်တစ်ခုကတော့ ကော်ဖီကို စွဲစွဲလမ်းလမ်းသောက်တာပဲဖြစ်ပါတယ်။ အဘွားကို ဂန်းနစ်မှတ်တမ်းအဖွဲ့က ဂုဏ်ပြုဆုလာပေးချိန်မှာ ဆုနဲ့အတူ ချောကလတ်တစ်ဘူးကို လက်ဆောင်အဖြစ်ပေးအပ်ခဲ့ပါတယ်။ ထိုချောကလတ်ဘူးကိုလည်း နေရာမှာတင် တစ်ထိုင်တည်းစားခဲ့ပြီး လူတွေက တစ်နေ့ချောကလတ်ဘယ်နှခုစားလဲလို့ မေးမြန်းခဲ့ရာမှာ အခု ၁၀၀ စားတယ်လို့ ပြန်ဖြေခဲ့ပါတယ်။
အဘွားရဲ့ အင်တာဗျုးတစ်ခုမှာတော့ သူမရဲ့ သက်တမ်းရှည်အကြောင်းကို မေးမြန်းခဲ့ရာမှာ အခုလိုဖြေကြားခဲ့ပါတယ်။
“ကျွန်မက ခရီးမိုင်တိုင်ပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီးပါပြီ။ ကျွန်မမှာ ရွေးချယ်စရာဘာမှမရှိတော့ဘူးဆိုပေမယ့် ကျွန်မ အများကြီးကြိုးစားသွားဦးမှာပါ။ အကောင်းဆုံးကြိုးစားသွားမှာပါ”လို့ ဖြေဆိုခဲ့ပါတယ်။
အဘွား Kane Tanaka ဟာ လက်ရှိအချိန်မှာတော့ သား၊သမီး၊မြေး၊မြစ်တွေနဲ့ သာယာတဲ့ မိသားစုထဲမှာ နေထိုင်လျက်ရှိပြီး အသက် ၁၂၀ အထိနေသွားဦးမယ်လို့ သိရပါတယ်။
credit ရွှေဉာဏ်ရှင်