ၾကားသိရသမွ်

ဒီကနေ့ ဝေဘာဂီဆေးရုံအတွက် ဦးကျော်သူရဲ့ အသက် (၆၁)နှစ်ပြည့် မွေးနေ့အလှူ

နာရေးကူညီမှုအသင်း(ရန်ကုန်) ဦးဆောင်သူ ဥက္ကဌ ဦးကျော်သူရဲ့ မွေးနေ့အလှူအဖြစ် ဝေဘာဂီအထူးကု ဆေးရုံကြီးက ဝန်ထမ်းတွေ၊ ဆရာဝန်တွေနဲ့ ဆေးကုသမှုခံယူနေတဲ့လူတွေအတွက် ကော်ရည်ခေါက်ဆွဲဗူး(၂၆၀)ဗူးကို ဒီနေ့မနက်စာ အာဟာရဒါနလှူဒါန်းခဲ့ပါတယ်။

ဦးကျော်သူဟာ နိုဝင်ဘာ ၂ ရက်(မနက်ဖြန်)မှာ အသက်(၆၁)နှစ်ပြည့်မှာဖြစ်တဲ့အတွက် ဦးကျော်သူနဲ့ ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့ဇနီးမောင်နှံတို့ကနေ အခုလို အာဟာရဒါနအဖြစ် လှူဒါန်းခဲ့တာဖြစ်တယ်လို့ နာရေးကူညီမှု အသင်း(ရန်ကုန်)က သတင်းထုတ်ပြန်ခဲ့တာပါ။

ဒါ့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်နဲ့ ရေဝေးရုံးခွဲမှာရှိတဲ့ အသင်းသား၊ အသင်းသူတွေနဲ့ ပရဟိတ ဝန်ထမ်းတွေကိုလည်း Royal Rose Restaurant ကနေ ကော်ရည်ခေါက်ဆွဲဗူး(၄၀)ဗူးကို ထပ်မံလှူဒါန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဦးကျော်သူနဲ့ အသင်းသား ကိုထွန်းကိုကိုတို့ဟာ ကိုဗစ်ရောဂါပိုးကူးဆက်ခံထားရတဲ့အတွက် ဝေဘာဂီ အထူးကုဆေးရုံကြီးမှာ အောက်တိုဘာ ၂၁ ရက်ကတည်းက ဆေးကုသမှုခံယူနေတာဖြစ်ပြီးတော့ ကျန်းမာရေး ကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။

Swelsone News