ဗဟုသုတ

အိပ်ရာဝင် အိပ်ယာထ ရွတ်ဆိုသင့်သော မေတ္တာပို့……

အိပ်ရာဝင် အိပ်ယာထ ရွတ်ဆိုသင့်သော မေတ္တာပို့

မေတ္တာကိုနှလုံးသွင်းခြင်းဟာ နှလုံးသွင်းသူတို့အား အထူးသဖြင့် အကျိုးများစေပါတယ်။ဒါကြောင့် “သုဘုတိ” ဆိုတဲ့ ရဟန္တာမထေရ်ဟာဆွမ်းခံကြွတဲ့အခါအိမ်တိုင်းအိမ်တိုင်းရှေ့၌ခေတ္တရပ်နေစဉ်အတွင်း မေတ္တာဈာန်ကို ဝင်စားတော်မူပါတယ်။အဲဒီမေတ္တာဈာန်မှထပြီး ဆွမ်းကိုအလှူခံတော်မူပါတယ်။အဲဒါဟာ ဆွမ်းလှူတဲ့ ဒါယကာ ဒါယိကာမများတို့အားအကျိုးများးစေရန် ဖြစ်ပါတယ်။အဲဒီလိုအကျိုးများအောင်မေတ္တာဈာန် ဝင်စားပြီး အလှူခံလေ့ရှိတဲ့အတွက်“အရှင်သုဘုတိ”ကို မြတ်စွာဘုရားကအလှူခံပုဂ္ဂိုလ်မြတ်များမှာ “အမြတ်ဆုံးအဖြစ်ဧတဒဂ်ဂုဏ်ထူးရှင်” ချီးကျူးတော်မူပါတယ်။

ယခုအခါမှာလည်း အလှူပွဲများ၌ ရဟန်းတော်များမေတ္တာသုတ် ပရိတ်တော်ကို ရွတ်ဖတ်ပွားများကြတာဟာအလှူဒါနအကျိုးများစေရန်အတွက်ပါပဲ။ဒါကြောင့် မေတ္တာပရိတ်တော်ကို ရွတ်ဖတ် ချီးမြောက်တော်မူကြတဲ့အခါ မေတ္တာကိုလည်း ပွားရင်း လေးလေး စားစားရွတ်ဖတ်သင့်ပါတယ်။ဒါကြောင့် မိမိတို့အနေဖြင့် ရောက်လေရာအရပ်မှာမေတ္တာဘာဝနာကိုပွားသင့်ပါတယ်။မိမိနေတဲ့ နေမြဲ နေရာများမှာလည်း အခွင့်ရသလောက်ဒီမေတ္တာဘာဝနာကိုပွားများသင့်ပါတယ်။အောက်ထစ်ဆုံးအားဖြင့် ဘုရားဝတ်ပြုပြီးတဲ့နောက်မှာအချိန်ရသလောက် ပွားများသင့်ပါတယ်။အကြောင်းညီညွတ်ရင် ဒီလိုပွားများ ရင်း မကြာမီအတွင်းလည်း မေတ္တာဈာန်ကိုရနိုင်ပါတယ်။

ဒီနေရာမှာ “ဓနဉ္စာနီ”ဆိုတဲ့ ပုဏ္ဏားအကြောင်း နည်းနည်းလေးပြောပြချင်ပါတယ်။“ဓနဉ္စာနီနှင့် မေတ္တာဈာန်”ဓနဉ္စာနီဆိုတဲ့ ပုဏ္ဏားကြီးဟာ သေလုနီးပါးရောဂါဖြစ်နေတဲ့အခါအရှင်သာရိပုတ္တရာကို ပင့်စေတယ်။အရှင်သာရိပုတ္တရာက ကြွရောက်တော်မူပြီးတော့ သူ့ရောဂါအကြောင်းကို မေးပြီးတဲ့နောက် ဒီလိုဟောတော်မူ ပါတယ်။ဟောပုံကတော့ “ငရဲနဲ့ တိစ္ဆာန် ဘယ်ဟာက ကောင်းမြတ်သလဲ စသည်ဖြင့် မေးခွန်းထုတ်တယ်။ဓနဉ္စာနီက ငရဲထက် တိရိစ္ဆာန်ကကောင်းမြတ်ပါတယ်။”စသည်ဖြင့် ဖြေကြားတယ်။

မေးပုံဖြေပုံတွေကတော့

“တိရိစ္ဆာန်နဲ့ ပြိတ္တာ၊ ပြိတ္တာနဲ့လူ၊ လူနဲ့ စတုမဟာရာဇ်စသည်ဖြင့် ပရနိမ္မိတဝသဝတ္တိတိုင်အောင် မေးဖြေပြီးတဲ့အခါ ပရနိမ္မိတဝသ ဝတ္တိနတ်တွေနဲ့ ဗြဟ္မာလောက ဘယ်ဟာကမြတ်သလဲလို့”မေးတယ်။အဲဒီအခါ ဓနဉ္စာနီက ဗြဟ္မာလောက ဆိုတဲ့အသံကိုကြားရတော့ စိတ်တက်ကြွလာပြီး“အရှင်သာရိပုတ္တရာဟာ ဗြဟ္မာလောကလို့ပြောပါသလား။”လို့မေးတယ်။အဲဒီအခါ ဗြဟ္မာလောကမှာ စိတ်ညွှတ်လိုလားခြင်းရှိကြောင်း သိတော်မူတဲ့အတွက် ဗြဟ္မာလောကသို့ ရောက်စေနိုင်တဲ့ အကျင့်လမ်းကို ဟောကြားမယ်လို့ မိန့်တော်မူပြီးတော့ ဒီလိုဟောကြားတော်မူပါတယ်။

“အရပ်ဆယ်မျက်နှာ၌ ရှိသမျှ သတ္တဝါအားလုံးကိုမေတ္တာစိတ်ဖြင့် ဖြန့်နေတာ၊မေတ္တာပို့နေတာဟာ ဗြဟ္မာ ဖြစ်ကြောင်းအခွင့်အလမ်းပဲလို့”ဆိုလိုတာပါပဲ။ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတို့ဖြင့် ဖြန့်နေပုံကိုလည်းနည်းတူပင်ဟောကြားတော်မူပါတယ်။အဲဒီလို ဟောကြားပြီးတော့အရှင်သာရိပုတ္တရာက ပြန်ကြွသွားတယ်။မြတ်စွာဘုရားထံသွားရောက်ပြီးတော့ ဓနဉ္စာနီအားဟောခဲ့တဲ့အကြောင်းအရာများကို လျှောက်ထားတယ်။အဲဒီအခါမှာမြတ်စွာဘုရားရှင်က “ဗြဟ္မာ့ဝိဟာရဈာန်ထက်လွန်မြတ်တဲ့ အရိယာမဂ်ဖိုလ်ရအောင် ပြုကျင့် ဖွယ်ရှိနေပါလျက်ဓနဉ္စာနီပုဏ္ဏားကိုဗြဟ္မာလောက၌ တည်စေပြီးတော့ထားခဲ့သလားလို့”မိန့်တော်ကြားပြီးတော့ ဓနဉ္စာနီဟာ ဗြဟ္မာ့လောကသို့ရောက်သွားကြောင်းကိုလည်း မိန့်တော်မူပါတယ်။

အဲဒီလိုမိန့်တော်မူ တဲ့အတွက် အရှင်သာရိပုတ္တရာလည်းဗြဟ္မာ့လောကသို့သွား၍ ဓနဉ္စာနီဗြဟ္မာအား တရားဟောသေးကြောင်းထိုအခါမှစ၍ (၄)ပိုဒ်မျှရှိတဲ့ တစ်ဂါထာကို သစ္စာတရားနှင့်ယှဉ်ပြီး ဟောတော်မူခဲ့ကြောင်း အဋ္ဌကထာမှာပြဆိုတော်မူပါတယ်။ဒီနေရာမှာ သိစေလိုတာက “ဓနဉ္စာနီ”ဆိုတဲ့ ပုဏ္ဏားဟာသေခါနီးဆဲဆဲ နာရီဝက်ခန့်လောက်အတွင်းမှာ မေတ္တာစသည်ကို ပွားစေပြီးတော့ ဈာန်ရသွားတယ်။အဲဒီဈာန်ကုသိုလ်ကြောင့် ဗြဟ္မာ့လောကသို့ ရောက်သွားရတယ်။အဲဒါကိုသိစေလိုရင်းပါပဲ။ဒါကြောင့် သေခါနီးကာလမှာအားကိုးစရာအခြားကုသိုလ်ထူး မရှိရင် အခြားကုသိုလ်များကို နှလုံးသွင်းလို့မရတော့လျှင် မေတ္တာပွားနေခြင်းဖြင့် အားကိုးစရာ ကောင်းကောင်း ရနိုင်တယ်ဆိုတာလည်း မှတ်ထားကြဖို့ပါပဲ။အားလုံးသော သူများလည်း မေတ္တာတရား အစဉ်ထား နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။

အိပ်ရာဝင် အိပ်ယာထ ရွတ်ဆိုသင့်သော မေတ္တာပို့လင်္ကာ

သတ္တာဝါခပင်း ဆင်းရဲကင်း ပူပြင်းဒုက္ခငြိမ်းပါစေ။သတ္တဝါခပင်း ရောဂါကင်း ပူပြင်းဘယာငြိမ်းပါစေ။သတ္တဝါခပင်း စိုးရိမ်ကင်း ပူပြင်းသောကငြိမ်းပါစေ။ကမ္ဘာနေသူ များဗိုလ်လူ ကြည်ဖြူဟဒယရွှင်ပါစေ။တရားနာငြား ယောဂီများ ကြီးထွားသမာဓိရှိပါစေ။ခန္တီတရား လက်ကိုင်ထား ကင်းကွာဒေါသငြိမ်းပါစေ။မေတ္တာရေချမ်း ပက်ခါဖြန်း အေးချမ်းသာယာရှိပါစေ။စန္ဒာလမင်း ထိန်ထိန်လင်း ပြည့်တင်းဖြိုးမောက်နိုင်ပါစေ။ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ လွန်စွာကျန်းမာရှိပါစေ။နှလုံးစိတ်ဝမ်း ရွှင်ကာလမ်း မနွမ်းထာဝရရှိပါစေ။အလုပ်ကိုယ်စီ ဘေးမသီ ကြံစီထမြောက်အောင်ပါစေ။စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)