အနေဝေးတဲ့ ချစ်သူတွေ သွေးမအေးကြစေဖို့…
နေ့စဉ်နေ့တိုင်း အနားမှာ အရိပ်တ ကြည့်ကြည့် ဂရုစိုက်ပေး နိုင်တဲ့ ချစ်သူစုံတွဲတွေလည်း ရှိသလို၊ တစ်နယ်စီ ခြားနေကြတဲ့ ချစ်သူ စုံတွဲတွေလည်း အများကြီးပါပဲ။ Long Distance Relationship (LDRS) လို့ခေါ်တဲ့ အနေဝေးတဲ့ ချစ်သူ စုံတွဲတွေ အနေနဲ့ ရင်ဆိုင်ရမယ့် အခက်အခဲတွေက မလွယ်လှပါဘူး …။
တစ်ယောက်နဲ့ တစ်ယောက် အနေဝေးနေတာကြောင့် သွေးအေးသွားကြမလား၊ သစ္စာရှိရဲ့ လား၊ နားလည်မှုကို ဘယ်လိုတည်ဆောက်ရမလဲ ဆိုတဲ့အပေါ် ဗျာများနေရတဲ့ အဖြစ်မျိုးပါ။ နေ့စဉ် တွေ့မြင် ထိတွေ့နေရတာမျိုး မဟုတ်တော့ အချိန်ကြာလာတဲ့အခါ သွေးအေးသွားတာမျိုး တွေလည်း ရှိတတ်ပါတယ် …။
LDRS တွေအနေနဲ့ ခိုင်မြဲတဲ့ အချစ်ရေးကို တည်ဆောက်လိုတဲ့ အခါ တစ်ဦးအပေါ် တစ်ဦး သစ္စာရှိမှု၊ နားလည်မှုနဲ့ အတူ အနေဝေးပြီး သွေးမအေးစေဖို့ အတွက် အခုဖော်ပြပေးမယ့် အချက်လေး တွေကို လိုက်နာဖို့တော့ လိုပါတယ်နော် …။
(၁) ပွင့်လင်းမှုရှိပါစေ…
သင့်စိတ်ထဲက မတင်မကျဖြစ်နေတဲ့ ကိစ္စတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေး တိုင်ပင်ပြောဆိုပါ။ ပြဿနာ တစ်ခုခုဖြစ်လို့ ဒီတိုင်းကျော် သွားမယ့် အစား ကိုယ်လိုချင်တဲ့ ဖြေရှင်းချက်ကို ရတဲ့ထိ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ တောင်းဆိုပါ …။
တခါတရံမှာ negative ဆန်တဲ့ သံသယဝင်စရာ မေးခွန်းတွေကို မေးတဲ့အခါမှာလည်း အပြစ်တင်တဲ့ သဘောမျိုး မဖြစ်စေဖို့ သေချာအချိန်ယူ စဉ်းစားပြီးမှသာ မေးမြန်းသင့်ပါတယ် …။
(၂) လေးနက်တဲ့ စကားလုံးတွေကိုသာ ပြောပါ…
ဖုန်းပြောရင်ပဲဖြစ်ဖြစ်၊ မက်ဆေ့ခ်ျနဲ့ စာပို့ရင်ပဲဖြစ်ဖြစ်၊ လေးနက်တဲ့ စကားလုံးတွေကိုသာ ရွေးပြောဖို့ လိုပါတယ်။ အချိန်တွေ ကြာရှည်စွာ အနေဝေးပြီး ပြန်ဆုံတဲ့အခါမှာလည်း ရှေ့ရေးအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ အစီအစဉ်တွေကို တိုင်ပင်ဆွေးနွေးတာမျိုး ပြုလုပ်ပါ …။
နှစ်ဦးပြန်လည် ဆုံတွေ့ဖို့အတွက် ကြိုးစားနေတဲ့အကြောင်း၊ ဘယ်လောက်ချစ်ကြောင်းကို လေးနက်တဲ့စကားလုံတွေနဲ့ ဖော်ပြလိုက်ပါနော် …။
(၃) နားလည်မှု ထားရှိပါ…
LDRS မှမဟုတ်ပါဘူး။ ချစ်သူတိုင်း တစ်ဦးအပေါ်တစ်ဦး နားလည်မှု ထားရှိတာက ရေရှည် အချစ်ရေးခိုင်မြဲစေတဲ့ သော့ချက်တစ်ခုပါပဲ။ လူတိုင်းကတော့ စိတ်ဖိစီးမှု၊ စိတ်ညစ်စရာတွေ ကြုံရစမြဲပါပဲ …။
ကိုယ့်ရဲ့ချစ်သူက ဒီလိုစိတ်ဖိစီးမှုတွေ များပြီး သင့်အပေါ် ဂရုစိုက်မှု လစ်ဟင်းမှုတွေ ဖြစ်လာတဲ့အခါ၊ ဖြည့်တွေးပေးပြီး နားလည်မှုနဲ့ ရှေ့ဆက်ကြဖို့ အကြံပြုပေးချင်ပါတယ် …။
(၄) Surprise လုပ်ပေးပါ…
အနေဝေးနေလို့ surprise လုပ်ပေးလို့ မရဘူးလို့ မထင်လိုက်ပါနဲ့။ LDRS တွေအနေနဲ့လည်း စိတ်လှုပ်ရှားမှုတွေကို ဖန်တီးဖို့အတွက် နည်းလမ်းလေးတွေ ရှိပါတယ် …။
Anniversary, Birthday စတဲ့ နေ့ရက်တွေမှာ သူမအတွက်၊ သူ့အတွက် စပရိုက်စ်လက်ဆောင်မျိုး ပြုလုပ်ပေးလိုက်ပါ။ ပန်းစည်း၊ လက်ဆောင်ကို အိမ်အရောက် ပို့ စနစ်နဲ့ နည်းလမ်းအမျိုးမျိုး ပြုလုပ်ပေးနိုင်ပါတယ် …။
(၅) Video Call ပုံမှန်ခေါ်ပါ…
နေ့စဉ်နေ့တိုင်း video call နဲ့ စကားပြောမယ့် အချိန်ကို အတိအကျသတ်မှတ်ထားပါ။ တစ်ယောက်နဲ့ တစ်ယောက် မျက်နှာမြင်နေရတော့ သူဒီနေ့ ဘာဖြစ်နေတယ်၊ ဘယ်လိုခံစားနေရတယ် ဆိုတာကို အလွယ်တကူ ဖတ်ကြည့်နိုင်ပြီး အလွမ်းပြေစေတာပေါ့ …။
Video call ခေါ်ပြီးတော့ သီချင်းဆိုပြတာ၊ အရင်က ပျော်စရာကောင်းခဲ့တဲ့ အမှတ်တရတွေကို အပြန်အလှန်ပြောကြတာမျိုး ကြည်နူးစရာလေးတွေ ဖန်တီးနိုင်ပါတယ်နော် …။ ။
Credit