Life Style

ကိုယ်ကစပြီး အားနာပြီး တောင်းပန်စရာ လုံး၀ မလိုတဲ့ အခြေအနေ အချိန်အခါ (၅) ခု

လူဆိုတာ တောင်းပန်သင့်တဲ့ အချိန်မှာ တောင်းပန်တတ်ဖို့ လိုပါတယ်။ ဒီလိုပဲ တောင်းပန်စရာ မလိုတဲ့ ကိစ္စကိုလည်း သွားတောင်းပန်စရာ မလိုပါဘူး။ တစ်ခါတစ်လေမှာ လူတွေ အထင်မှားပြီး ကိုယ့်ကိုယ်ကို အပြစ်ရှိတယ် ထင်ပြီး တောင်းပန်ကြတာမျိုး ရှိကြပါတယ်။ တကယ်တော့ ဒီလို အခြေအနေတွေက သင် တောင်းပန်စရာ မလိုတဲ့ အခြေအနေတွေပဲ ဖြစ်ပါတယ်။

(၁) ချစ်မိတဲ့အခါ

လူတွေမှာ အလိုအလျောက် ဖြစ်လာတဲ့ ခံစားချက်တွေက လွယ်လွယ် တားဆီးလို့ မရပါဘူး။ အချစ်လို ခံစားချက်မျိုးဆိုရင် ကိုယ်တိုင်တောင် အမိန့်ပေးလို့ မရတတ်ပါဘူး။ ဒါကြောင့် ချစ်မိတာက အပြစ်တစ်ခုကို ကျူးလွန်မိတာ မဟုတ်ပါဘူး။ ဒီအချစ်ဆိုတဲ့ ခံစားချက်လေးကြောင့် ဘယ်သူ့ကိုမှ မထိခိုက်ရင် တောင်းပန်ဖို့ မလိုပါဘူး။

(၂) ငြင်းဆန်တဲ့အခါ

ကိုယ်က လူတိုင်းရဲ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးဖို့ တာဝန်မရှိပါဘူး။ ဘုရားတောင် လူတိုင်း အလိုကို မဖြည့်ဆည်းပေးနိုင်ပါဘူး။ ဒါကြောင့် သင် မလုပ်ချင်တဲ့အရာတွေကို ငြင်းခွင့် သင့်မှာ ရှိပါတယ်။ ဒီလို ငြင်းရတဲ့အတွက် ဘယ်သူ့ကို တောင်းပန်ရမယ်ဆိုတဲ့ အတွေးမျိုး မတွေးသင့်ပါဘူး။

(၃) အိပ်မက်တွေနောက် လိုက်တဲ့အခါ

လူဆိုတာ ကိုယ် ဖြစ်ချင်တဲ့ အရာတွေအတွက် ရှင်သန်နေတာမျိုးပါ။ ဘာမှ မဖြစ်ချင် မလုပ်ချင်ဘူးဆိုတာကမှ ဘဝ အဓိပ္ပာယ် ပျောက်ဆုံးသွားတာမျိုး ဖြစ်ပါတယ်။ ဒီအတွက် အိပ်မက်တွေ တကယ်ဖြစ်လာဖို့ ကြိုးစားတာ တရားပါတယ်။ အိပ်မက်တွေကို အကောင်အထည်ဖော်နေတဲ့အတွက် အားတုံ့အားနာ ဖြစ်ပြီး တောင်းပန်ဖို့ လိုတယ်လို့ ထင်မနေသင့်ပါဘူးနော်။

(၄) ကိုယ့်အတွက် အချိန်ယူတဲ့အခါ

တခြားသူတွေကို အချိန်မပေးဘဲ ကိုယ့်တစ်ယောက်တည်း နေချင်တဲ့ အခါမျိုးတွေမှာ မှားများသွားလားလို့ မတွေးကြည့်သင့်ပါဘူး။ ဒီလို အချိန်မှာ သင်တွေးသင့်တာက သင်လည်း လူသားတစ်ယောက်ပါပဲ။ စက်ရုပ်မဟုတ်လို့ ကိုယ့်အတွက် အားပြန်ဖြည့်ရမယ့် အချိန်ဆိုတာ ရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် အချိန်ယူတဲ့ ကိစ္စအတွက် တောင်းပန်စရာ မလိုပါဘူး။

(၅) အမှန်တရားကို ပြောတဲ့အခါ

အမှန်တရားကို ဘယ်သူမှ မခြယ်လှယ်နိုင်ကြပါဘူး။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ပေါ်လာတတ်တာကတော့ အမှန်တရားပါပဲ။ သင် အမှန်တရားကို ပြောလိုက်ရင် တစ်ယောက်ယောက်ကို ထိခိုက်မယ်ဆိုတဲ့ စိတ်နဲ့ သင်ပြောလိုက်လို့ ထိခိုက်ပါတယ်ဆိုတာမျိုး မတွေးထားသင့်ပါဘူး။ အမှန်တရားက အမှန်တရား အတိုင်းပဲမို့ သင်က ဒီလို အမှန်ကို ပြောလိုက်လို့ ဆိုပြီး ဘယ်သူ့ကိုမှ တောင်းပန်စရာ မလိုအပ်ပါဘူး။