ဟာသ

တင်ပါးယား၍ ကုတ်မိရာမှ နေ့ချင်းညချင်း ဘဝပြောင်းသွားရသည့် မိန်းကလေး


ကျွန်မ၏ တင်ပါးကို ယားလွန်း၍ ကုတ်မိသည်။သူငယ်ချင်း နှစ်ယောက် ဘေးမှာရှိသည် ။ တစ်ယောက် က မော်လီ တစ်ယောက်က ခင်မြရည် ဖြစ်သည်

ကျမ ယားလို့ တင်ပါးကုတ်မိတဲ့ အခါ သူငယ်ချင်း မော်လီက ဓာတ်ပုံ ဖျတ်ခနဲ ရိုက်ချလိုက်သည်။ပြီးတော့…၊ ပလွတ် ဆိုပြီး အင်တာနက် ချိတ်ပြီး ဖေ့ဘုတ်ပေါ် တင်ချလိုက်သည်
ကျမ တို့ သုံးယောက် အတူရှိသည် ဆိုတော့ tag တွဲတင်လိုက်သည် ။ ဆေးထိုးလိုက်ပီ ဟု မော်လီ က ရေးတင်လိုက်သည် ။ ခင်မြရည်က အရင် like ဝင်လုပ်သည်

ကျမ တွေ့ တော့ သူတို့ နှစ်ယောက်ကို မျက်စောင်းထိုးလိုက်ရုံသာ အပြစ်ပေးမိသည် ။ ကျမ တို့ လုပ်မိသည်က ပျော်စေပျက်စေသဘောသာ

ဖေ့စ်ဘုတ် ကိုယ်စီပိတ်လို့ ကျမတို့ မုန့်ဆက်စားသည် ။မုန့်စားနေစဉ် နာရီဝက်အတွင်း မှာပင် ကျမတို့ မျိုးဖျက်မ ဘ၀ ရောက်သွားလိမ့်မည် ဟု လုံးဝ အမတွေးမထင်ထားမိ

ဖေ့စ်ဘုတ် ပြန်ဖွင့်လိုက်တော့ ကျမပုံကို Share လုပ်ထားသူ ၂၀၀ ကျော်နေပေပြီ။ကောမန့်များတွင် မြန်မာအမျိုးသမီး ဖြစ်ပြီး အရှက်မရှိကြောင်း ၊

တင်ပါးဆိုသည်မှာ ကုတ်ရန်မဟုတ်ကြောင်း ၊အီးအီးပါရာတွင်နှင့် ထိုင်ရာတွင်တာ သုံးသင့်ကြောင်း ၊ကျမတင်ပါး ကုတ်လိုက်သဖြင့် မြန်မာအမျိုသမီးများအတွက်များစွာ

သိက္ခာကျ ကြောင်း ရေးသားထားကြသည် ကို မြင်လိုက်ရသည်

မြတ်စွာဘုရား… ၊ ကျမ တင်ပါး ကို ရိုးရိုးသားသား ယား၍ ကုတ်လိုက်ခြင်းသာဖြစ်သည် ။တစ်နိုင်ငံလုံး ကို စော်ကားလိုစိတ်မရှိကြောင်း ပြောရဲပါတယ်

ကျမ တင်ပါး ကျမ ပိုင်သည် ထင်သဖြင့် အားရပါးရကုတ်လိုက်မိခြင်းသာဖြစ်သည် ။ သူငယ်ချင်း ကလဲ ကျမတင်ပါး ကျမ ပိုင်သည် ထင်သောကြောင့်ပဲ
ရိုက်တင်လိုက်ခြင်းသာဖြစ်ပေလိမ့်မည် ။ကောမန့် တစ်ခု ဖတ်ပြီး ကျမ တော်တော် လန့်သွားတယ် ။ ဥပဒေ ဖြင့် ထိရောက်စွာ အရေးယူသင့်သည်တဲ့

အမလေး ! ! ! မြတ်စွာဘုရား ကယ်တော်မူပါ ။ သူ့ ကောမန့်ကိုတင် Like နှစ်ဆယ်ကျော် ဝိုင်းလုပ်သွားကြသည် ။ကျမဟာကျလဲသံသယဝင်သွားသည်

ငါ ကုတ်မိတာ လွန်သွားလား ။မထင်ပါ ။ကျမ ကုတ်တုန်း က သတိပင်မထားမိပါ ။သူငယ်ချင်း ပုံရိုက်လိုက်မှသာ ကျမ ကုတ်လို့ ကုတ်မိမှန်း သတိထားမိပါသည်

ကျမက ခန္ဓာကိုယ် လှသဖြင့် မြန်မာဝတ်စုံဝတ်တတ်ပါသည် ။မုန့်စားနေရင်း တင်ပါးနားက ယားလှသဖြင့် အားရပါးရ ကုတ်မိပါသည် ။မော်လီမ ကို လှမ်းဆဲရင်း

ပုံဖျက်ဖို့ ပြောပါသည်။မော်လီကော၊ခင်မြရည် ကောကျမကို တောင်းပန်ကြပါသည်။သို့သော် သူတို့ နှစ်ယောက်လည်း အခြေအနေမကောင်းပေ

ကျမတင်ပါးကုတ်နေသည့် ပုံတင်မဟုတ် ၊ သူတို့နှင့်တွဲ၍ ရိုက်ထားသောပုံပါ ပါသည် ။ကျမတို့ကို ဂိုဏ်း ဖွဲ့ထားပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ကြသည် ဟု

တချို့ က ရေးသားထားကြသည် ။ကျမတို့ မုန့်စားရင်း ချက်ချင်းကြီး တနိုင်ငံလုံး တံတွေးခွက်ထဲ ပက်လက်မျောလိမ့်မည် ဟု မတွေးထားမိ

ခုတော့ ကျမတို့ သုံးယောက် ပက်လက်ကော မှောက်လျက်ကော မျောနေပေပြီ ။ကျမက တင်ပါးပါ ကုတ်သဖြင့် ဇောက်ထိုးပါ မျောနေပေပြီ

တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်၍ မျက်ရည်ဝဲနေမိကြပေပြီ

ကျမတို့ သုံးယောက် အစားကို ဆက်မစားနိုင်ကျ ။တူ ကို ပါးစပ်က ကိုက်ပြီး ဒူးတုန်နေကြသည် ။ကံဆိုးလှပေသည် ။ ကျမ တို့ ပုံဖျက်လိုက်သော်လည်း မမှီတော့ ၊

ကျမ တို့ ပုံနှင့် တခြားပေ့ခ်ျ မှာ တက်နေပေပြီ ။မြတ်စွာဘုရား like က 1 k ။ ကျမ ကို friend request 200 လောက် တက်လာသည် ။ကျမ တင်ထားသော

နောက်ဆုံးပုံအောက် မှာ အမျိုးဖျက်မ လို့ လာမန့်ကျသည် ။ကျမအဖေ နှင့် တွဲရိုက်သော ပုံအောက် မှာ ကျမ ရဲ့ စပွန်ဆာ ဟု ပြောသည့် ကောမန့်တတ်လာသည်

မကြာပါချေ… ၊ ပေခ်ျတစ်ခု က ထပ်တက်လာပြီး ကျမကို ပယ်ပယ်နယ်နယ် ဆဲကျသည် ။မဖြစ်ချေဘူး… ကျမ တုန့်ပြန်မှရတော့မည် ဖြစ်သည်

ကျမ တင်ပါး ကုတ်မှုသည် အချိန်မရွေး လူထုကြားထဲ ပြန့်နြှံ့ပီး လွှတ်တော်ထဲ အရေးကြီးအဆို အဖြစ် ရောက်သွားနိုင်သည်မလား

ထိုအခါလူထုကြားထဲ အမျိုးသမီးများ တင်ပါး ကုတ်ခွင့် မကုတ်ခွင့် မဲခွဲဆုံးဖြတ်ကြလိမ့်မည်။အကယ်၍ မကုတ်ခွင့် တွင် မဲအရေအတွက် ၊ များ သွားပါက ၊

တခြားအမျိုးသမီး များကပါ ကျမကို ဝိုင်းဖြဲလိမ့်မည် ။နင် ယွလို့ ၊ ငါတို့ အခု ငါတို့တင်ပါး ငါတို့ မပိုင်တော့ဘူး ဆိုပြီး သတ်လိမ့်မယ် ကျမတို့ ပိုက်ဆံအမြန်ရှင်းပြီး
ကျမတို့အိမ်ကိုပြန်ပြေးကြသည် ။ကျမ ဖြေရှင်းဖို့ စတင်ရပါပြီ ။အရင်ဆုံး ကျမ အမေ့ဆီက အိမ်ထောင်စု စာရင်းတောင်းရသည် ။အဖေဆိုတာ သေချာကြောင်း

အရင်ရှင်းရပါမည် ။ကံဆိုးချင်တော့ အဖေ့နာမည်က နှစ်မျိုး။ မှတ်ပုံတင် နှင့် အိမ်ထောင်စု နှင့် ကွဲနေသည် ။ မဖြစ်ချေ အမှုပိုကြီးလိမ့်မည် ။အမေက အဖေ့ကို အားဘွားရှလူး
နေသည့်ပုံ ချော့မော့ရိုက်ခိုင်း ရသည် ။အဲ့ပုံနှင့် အမေတို့ မင်္ဂလာဆောင်ပုံ နှင့် မိသားစု ငါးယောက် ပုံကို တစ်ပေါင်းတည်း တင်ပြီး အဖေ ဖြစ်ကြောင်း ရှင်းရသည်

ခင်မြရည်ကပြောသည် ၊ ဟဲ့ ငါတို့ သုံးယောက် cover photo ကို ဘုရားပုံ မြန်မြန်ချိန်းရအောင် ဟု ပြောလာသည် ။လိုလိုမယ်မယ် သုံးယောက်သား တစ်ယောက် တလှည့်
အိမ်ထဲမှာတင် ယောဂီအကျီ င်္ ဝတ်ပီး ဓာတ်ပုံ ရိုက်လို့ pofile pic ပါ ပြောင်းလိုက်ကြသည် ။မပြောနိုင် ၊ တင်ပါးကုတ်ရင် မြန်မာသိက္ခာကျသည် ဟု အပြောခံရသလို

အချိန်မရွေး ကျမတို့က isis အဖွဲ့ က ဖြစ်သည်ဟု မစွပ်စွဲဘူးလို့ မပြောနိုင်

ကျမ တို့ သုံးယောက် ဒူးခေါင်းချင်း တဂတ်ဂတ် မြည်အောင် ရိုက်ရင်း ကြောက်ချေးပါနေကြပေပြီ ။ မော်လီက ပိုကြောက်နေသည် ၊ သူစသည့် ဇာတ်လမ်း မဟုတ်ပါလား

စပွန်ဆာ ပြဿနာ ရှင်းလိုက်နိုင်ပေမဲ့ တင်ပါးကုတ်ခြင်း ပြဿနာ က မပြီးနိုင်သေး ။ကျမ တင်ပါးကုတ်နေပုံသည် 4.1k အဖြစ်ရောက်သွားနေပေပြီ

မဖြစ်ချေ .မဖြစ်ချေ ။ကျမ ပထမဆုံး သူငယ်ချင်း နှစ်ယောက်ကို ၊ ကျမတွင် ပွေးနည်းနည်းရှိကြောင်း ဝန်ခံရသည်။ဘယ်သောအခါ မှ တင်ပါးလှန်ပြပြီး

ပွေးကွက်ရှိကြောင်း တောင်းပန်ရလိမ့်မည်ဟု ကြိုမတွေးထားမိ ။ကျမ အဖြစ်က မနှစ်ကနှင့်ပင် မတူ ။ ဇာတ်လမ်း က မှတ်တမ်း မဟုတ်။နိုင်ငံကျော်ပေတော့သည်

ကျမ လိမ်းသော ညစ်ဆေးဘူး နှင့် ကျမတင်ပါးက ပွေးကွက်လေး ကို ဓာတ်ပုံ ကပ်ရိုက်လိုက်သည် ။ ပွေးကွက် မြင်ရုံသာ ။ကျမ စာရှည်ရှည်ရေးသည်

ကျမ ဘဝတွင် ပွေးကွက် စပေါ်လာပုံ ။ကျမ ပွေးကွက်အပေါ် နာကြည်းပုံ ။ကျမဘာတွေစားလျှင်မတည့်ပုံ ။ရှည်လျား ထွေပြားစွာရေးပြီး ဓာတ်ပုံနှင့်

လူ နှစ်ဆယ်လောက်ကို tag တွဲတင် လိုက်သည် ။အဟင့်ဟင့်… ရှက်လိုက်သည့် ဖြစ်ခြင်း ။ပွေးကွက် အကြောင်း စီကာပတ်ကုံးရှင်းပြပြီး အင်တာနက်ပေါ်တင်ရသည့် ဘ၀ ။

သို့သော် ကိုယ့်wall ပေါ်ကိုတင်ရုံနှင့် မပြီး ။ကျမ ပရိသတ် အဲ့လေ ယောင်လို့ ကျမ တင်ပါးကုတ်နေပုံ စတေးတပ်အောက်က ကောမန့် ပိုင်ရှင်တိုင်းကိုသိအောင် လုပ်ရပေမည်

ဒါမှ ကျမ သတင်းကို ထိန်းနိုင်ပေမည် ။ကျမ တင်ပါး မှာ ပွေးကွက်ရှိ၍ ကုတ်မိကြောင်း ၊ ကျမ မှားမှန်း အခုသိပြီ ဖြစ်ကြောင်း ၊ နောက်နှောင် ဆင်ခြင်ပါမည် ဟု

ကတိပြုကြောင်း ရေးပြီး ကောမန့် များအား reply လိုက်ပြန်ပါသည် ။ကျမ မျက်နှာ ပူသည် ဟု ဆိုရမလား၊ အေးသည်ဟု ဆိုရမလားပင် မသိတော့ပါ

ကျမနာမည် နှင့် အကောင့်ပေါင်းမြောက်များစွာ၊ page မြောက်မြားစွာပေါ်လာပါသည် ။ကျမ၏ တောင်းပန်မှုကြောင့် ကျမ ၏ တင်းပါကုပ်ခြင်း အမှုသည်

လွှတ်တော်အထိ ရောက်မသွား ။ ခံဝန်ကတိလောက်နှင့်သာ ပြီးသွားသည် ဟု ဆိုရပေမည် ။ကျမကို နောက်တစ်နေ့ သတင်းမီဒီယာ တစ်ခုက

အင်တာဗျူးလိုကြောင်းပြောလာသည် ။ယခုဆိုရင် ကျမ ဆယ်လီတစ်ယောက် ဖြစ်နေပေသည်။နောက်တစ်လ ထဲတွင် ပွေးဝဲယားနာ လိမ်းဆေး ကြော်ငြာတစ်ခု

ရိုက်ရန်ပင် လက်ခံထားပါသေးသည် ။ဘာပဲဖြစ်ဖြစ် …ကျမဘဝကို ဖေ့ဘုတ်က တစ်ဆစ်ချိုးပြောင်းလဲ ပေးခဲ့ပါပြီ

ပြီး ပါ ပြီ

Moe Zek.

အထူးသတိပေးချက်။ ။ တင်ပါးလိုက်မကုတ်ပါနှင့်။