စစ်တပ်နှင့်ရဲမှအပ ညမထွက်ရအမိန့်ထုတ်ထားချိန် ကုန်တိုက်များမီးလောင်
ရန်ကုန်၊ ဧပြီ ၁
ညမထွက်ရအမိန့်ထုတ်ထားသည့် ရန်ကုန်မြို့တွင် စစ်တပ်နှင့် နှီးနွယ်သည့် စီးပွားရေးလုပ်ငန်းနှစ်ခုဖြစ်သည့် ၃၇ လမ်းထိပ်က Ruby Mart ကုန်တိုက်နှင့် မရမ်းကုန်းမြို့နယ်ရှိ ဂန္ဓမာဟိုးဆေး ကုန်တိုက်တို့ မီးလောင်ပျက်စီးသွားခဲ့ကြောင်း ကုန်တိုက်အနီးတွင် နေထိုင်သူများက ဆိုသည်။
ကုန်တိုက်နှစ်ခုလုံး ဧပြီလ ၁ ရက်နေ့ မနက် ၂နာရီတွင် တစ်ချိန်တည်း မီးလောင်သွားခြင်းဖြစ်ပြီး မြင်တွေ့သူများက ပျက်စီးဆုံးရှူံးမှု များပြားသည်ဟု ဆိုသည်။
“အခုပဲ ဖြတ်လာတော့ ကြည့်လိုက်တာ ဂန္ဓမာဟိုးဆေးအတွင်းပိုင်းက ဘာမှမရှိတော့ဘူး၊ တော်တော်များများပြာကျကုန်ပြီ” ဟု ဖေစ့်ဘွတ်အသုံးပြုသူတစ်ဦးက ပုံနှင့်တစ်ကွ တင်ထားသည်။
ဂန္ဓမာဟိုးဆေး ကုန်တိုက်ကိုတော့ လက်ရှိအချိန်ထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် အဆိုပါ ကုန်တိုက်နှစ်ခုတွင် ဈေးမဝယ်ဘဲ သပိတ်မှောက်ကြရန် ဆန္ဒပြလူထုက နှိုးဆော်ထားကြသည်။