အခ်စ္နွင့္ဘဝ

ချစ်သူ၊ဇနီးမောင်နှံတွေ ဘဝဆက်တိုင်း အတူတူဆုံနိုင်မယ့် ကုသိုလ်

ချစ်သူ၊ဇနီးမောင်နှံတွေ ဘဝဆက်တိုင်း အတူတူဆုံနိုင်မယ့် ကုသိုလ်

ဘဝတိုင်း ဆုံချင်လျှင် အခါတပါး၌ မြတ်စွာဘုရားသည် ဘဂ္ဂတိုင်း သုသုမာရဂိရိမြို့တွင် သီတင်းသုံးတော်မူစဉ် နကုလပိတာ နကုလမာတာ အမည်ရှိသော သူကြွယ် ဇနီးမောင်နှံအိမ်သို့ ကြွတော်မူသည်၊ သူကြွယ် ဇနီးမောင်နှံတို့သည် မြတ်စွာဘုရားအား ရိုသေစွာရှိခိုးလျက် သင့်လျော်သောနေရာ၌ ထိုင်နေကြပြီးလျှင် နကုလပိတာ သူကြွယ်က ဤသို့လျှောက်သည် …

မြတ်စွာဘုရား တပည့်တော်သည် အသက်ငယ်ရွယ်စဉ်ကပင် ငယ်ရွယ်သူဖြစ်သော နကုလမာတာနှင့် လက်ထပ်ခဲ့ပါသည်၊ လက်ထပ်သည့်အချိန်ကစ၍ယနေ့အထိ နကုလမာတာကို ကျော်လွန်ပြီး အခြားသော မိန်းမများထံ စိတ်ရောက်ဖူးသည်ဟု တခါမျှ မရှိခဲ့ဘူးပါ ။ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ ။ မြတ်စွာဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘဝသံသရာ၌လည်း အချင်းချင်းတွေ့ဆုံရန် အလိုရှိကြပါသည်ဘုရား …၊

နကုလမာတာကလည်း လျှောက်ပြန်သည်-မြတ်စွာဘုရား တပည့်တော်မ ငယ်ရွယ်စဉ်ကပင် နကုလပိတာနှင့် လက်ထပ်ခဲ့ပါသည်၊ ထိုအခါမှစ၍ တပည့်တော်မသည် နကုလပိတာကို ကျော်လွန်ပြီး ယောကျ်ားတပါးထံ စိတ်ရောက်ဖူးသည်ဟု မရှိခဲ့ဘူးပါ၊ကိုယ်ထိလက်ရောက် ကျူးလွန်မှုကား ဆိုဖွယ်ရာပင် မရှိတော့ပါ၊ မြတ်စွာဘုရား တပည့်တော်တို့သည် ယခုဘဝ၌လည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘ၀ သံသရာ၌လည်း အချင်းချင်း တွေ့ဆုံရန် အလိုရှိကြပါသည် ဘုရား …၊

ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူလေသည်-သူကြွယ်တို့ ဇနီးမောင်နှံနှစ်ယောက်တို့သည် အကယ်၍ ယခုဘဝ၌ အချင်းချင်းတွေ့ဆုံပြီး နောင်ဘဝသံသရာ မှာလည်း အချင်းချင်းတွေ့ဆုံချင်ကြလျှင် နှစ်ယောက်လုံးသည်

(၁) တူမျှသော သဒ္ဓါ ရှိကြရမည် …။

(၂) တူမျှသော အကျင့်သီလ ရှိကြရမည် …။

(၃) တူမျှသော စွန့်ကြဲမှု စာဂ ရှိကြရမည် …။

(၄) တူမျှသော အသိဉာဏ်ပညာ ရှိကြရမည် …။

ယင်းသို့ တူမျှသော သဒ္ဓါ, တူမျှသာ သီလ, တူမျှသော စာဂ, တူမျှသော ပညာရှိလျှင် ထိုဇနီးမောင်နှံ နှစ်ယောက်တို့သည် ယခုဘဝလည်း အချင်းချင်းတွေ့ဆုံပြီး နောင်ဘဝသံသရာမှလြည်း အချင်းချင်း တွေ့ဆုံကြရကုန်၏။ ဇနီးမောင်နှံ နှစ်ယောက်တို့သည် သဒ္ဓါတရား ရှိကြ၏၊ အလှူခံပုဂ္ဂိုလ်၏ အလိုကို သိကြ၏၊ ကိုယ်နှုတ်ကို စောင့်စည်းကြ၏၊ ထိုဇနီးမောင်နှံတို့သည် အချင်းချင်း ချစ်ဖွယ်စကားကို ပြောဆိုကြကုန်လျက် တရားသဖြင့် အသက်မွေးကြ၏ …။

အကျင့်သီလ တူမျှကြကုန်သော ဇနီးမောင်နှံ နှစ်ယောက်တို့အား စီးပွားဥစ္စာ တိုးပွားလျက် ချမ်းသာစွာ နေထိုင်ရ၏၊ ရန်သူများ မကောင်းမကြံနိုင်ပေ။ တူမျှသော သီလအကျင့် ရှိသော ဇနီးမောင်နှံ နှစ်ဦးတို့သည် ယခုဘဝတွင် တရားကိုကျင့်၍ နောင်အခါ နတ်ပြည် လောက၌ နှစ်သက် မွေ့လျော်ကာ မတောင့်မတ လိုရာရလျက် ဝမ်းမြောက်ကြရကုန်၏ …။ ။

Credit