Life Style

လူတစ်ယောက် ကြည့်ကောင်းနေစေဖို့ ရုပ်ချောဖို့ မလိုအပ်တဲ့ အကြောင်းအရင်းများ

ရုပ်ချောရုံနဲ့တော့ ကြည့်ကောင်းတာ၊ ဆွဲဆောင်မှု ရှိတာ မဟုတ်ပါဘူး။ လူတစ်ယောက် ကြည့်ကောင်းပြီး အာရုံစိုက်ခံရဖို့ဆိုရင် ရုပ်ချောဖို့ထက် အရေးကြီးတဲ့အရာတွေ ရှိနေပါတယ်။ ရုပ်ရည်က မချောမောလည်း ကိုယ့်ကိုယ်ကို ကြည့်ကောင်းတဲ့သူတစ်ယောက် ဖြစ်အောင် ဖန်တီးနိုင်ပါတယ်။ များသောအားဖြင့် ရုပ်ရည်ချောမောတာက အဓိကကျတယ်လို့ ဆိုကြပေမယ့် တကယ်တမ်း မလိုအပ်တာကို ဒီအချက်တွေကို ကြည့်ရင် သိနိုင်ပါတယ်။

(၁) ဖက်ရှင်က ပို အရေးကြီးတယ်

လူတစ်ယောက် ကြည့်ကောင်းဖို့ဆို အရေးကြီးဆုံးက ရုပ်ရည်ထက် ဖက်ရှင် ဖြစ်ပါတယ်။ လူအများစုက ရုပ်ရည်ထက် ဖက်ရှင်ကို အရင်ဆုံး မြင်မိတတ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကြည့်ကောင်းဖို့အတွက်ဆိုရင် ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကိုပဲ စတိုင်ကျအောင် ရွေးချယ် ဝတ်ဖို့ လိုအပ်ပါတယ်။

(၂) စိတ်ထား

လူတစ်ယောက်ကို အမြင်ကောင်း ရစေတာက သူ့ရဲ့ အတွင်းစိတ်ထားလည်း ပါဝင်ပါတယ်။ ရုပ်လေးချောပြီး စိတ်ထားပုတ်နေတာမျိုးနဲ့ အကျင့်မကောင်းတာမျိုးကို ဘယ်သူမှ သဘောမကျကြပါဘူး။ ဒီအတွက် စိတ်ထားကောင်းမှုကလည်း လူတစ်ယောက်ကို ပိုပြီး အမြင်ကြည်လင်စေမယ့် အချက် တစ်ခု ဖြစ်နေပါတယ်။

(၃) အပြုအမူ

ကိုယ့်ရဲ့ အဝတ်အစားနဲ့အတူ လိုက်ဖက်တဲ့ အပြုအမူ အပြောအဆိုတွေကလည်း ကိုယ့်ကို ဆွဲဆောင်မှု ရှိလာစေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ကိုယ်နေဟန်ထား ကြည့်ကောင်းစေဖို့၊ အပြုအမူတွေက စတိုင်ကျနေစေဖို့ လေ့ကျင့်ထားမယ်ဆိုရင် သင်က အမြဲ ရုပ်မချောလည်း စမတ်ကျတဲ့သူ ဖြစ်နေမှာပါနော်။

(၄) ကိုယ့်ကိုယ်ကို ယုံကြည်မှု

ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိခြင်းကလည်း လူတစ်ယောက်ကို ပိုပြီး ဆွဲဆောင်မှု ရှိအောင် ပံ့ပိုးပေးနိုင်ပါတယ်။ ဘယ်လောက်ပဲ လှအောင် ဝတ်ထားပါစေ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိတဲ့အခါ သင်က ကြည့်ကောင်းနေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကြည့်ကောင်းဖို့အတွက် အရေးပါတဲ့ တစ်ချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေဖို့ပဲ ဖြစ်ပါတယ်။

(၅) ပညာတတ်ခြင်း

ပညာတတ်တဲ့သူတွေက ဆင်ခြင်တုံတရား ရှိခြင်း၊ စကားကို ပြေပစ်အောင် ပြောတတ်ခြင်း၊ ဗဟုသုတများခြင်း စတဲ့ အချက်တွေ ရှိနေပါတယ်။ ဒီအချက်က အခြားသူတွေရဲ့ ယုံကြည်မှုနဲ့အတူ သဘောကျမှုကိုပါ ရသွားတတ်ပါတယ်။ ပညာတတ်တဲ့သူအများစုကလည်း ကြည့်ကောင်းတဲ့သူတွေထဲ ပါဝင်နေပါသေးတယ်။