Life Style

တစ်ယောက်တည်း ရပ်တည်တာက အကောင်းဆုံးဖြစ်ကြောင်း သက်သေပြနေတဲ့ အချက်များ

လောကမှာ မွေးလာကတည်းက တစ်ယောက်တည်းမို့ တစ်ယောက်တည်း ရပ်တည်ရတာ မထူးဆန်းတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ လူဆိုတာ အဖော်အပေါင်းနဲ့ နေတယ် ဆိုပေမယ့်လည်း အဖော်မရှိလည်း နေလို့ ဖြစ်ပါတယ်။ သူငယ်ချင်း မရှိလို့ အထီးကျန်မယ့်အစား အဖော်မရှိလို့ မှိုင်နေမယ့်အစား တစ်ယောက်တည်း ရပ်တည်လို့ရတာကို ဒီအချက်တွေ ကြည့်ရင် သိနိုင်ပါတယ်။

တစ်ယောက်တည်းလည်း ဖြစ်တာပဲ

ဟိုနားဒီနားသွားတာက တစ်ယောက်တည်း သွားလည်း ဖြစ်တဲ့အရာပါ။ ကိုယ့်ရဲ့ တစ်နေ့တာ ဖြတ်သန်းဖို့ ကိုယ့်ရဲ့ဘေးမှာ အပေါင်းအသင်း တစ်ယောက်ယောက် မဖြစ်မနေ ရှိစရာ မလိုပါဘူး။ ကျန်းမာနေသရွေ့ ကိုယ်တိုင် သွားနိုင်ပါတယ်။ ဒီအတွက် အဖော်မရှိလို့ စိတ်ညစ်နေရင် သင်ပဲ ပင်ပန်းရုံပါပဲ။

စီမံတတ်ဖို့ပဲ လိုပါတယ်

တစ်ယောက်တည်း လှုပ်ရှားသွားလာရတော့ အန္တရာယ် များတယ်လို့ ထင်နိုင်ပါတယ်။ အရေးအကြောင်းတောင် လူကူမရှိဘူးလို့လည်း ပြောကြတာတွေ ရှိပါတယ်။ တကယ်တမ်းက စီမံတတ်ဖို့ပဲ လိုအပ်တာပါ။ ကိုယ့်မှာ ကာကွယ်နိုင်တဲ့ ငရုပ်ကောင်းဖြန်းဆေး၊ ကျဉ်စက်နဲ့ ဓားအသေးစားတွေ ဆောင်ထားပြီး အန္တရာယ်တွင်းက လွတ်မြောက်နိုင်ဖို့ ကြိုတွေးထားလို့ ရပါတယ်။ အလွယ်တကူ ဆက်သွယ်လို့ရမယ့် မိတ်ဆွေ တစ်ယောက်နဲ့ မိဘကို ဆက်သွယ်နိုင်အောင် အသင့် လုပ်ထားရင်လည်း ရပါတယ်။

ပျော်လို့ ရပါတယ်

တစ်ယောက်တည်း အဖော်စပ်မရလို့ ခရီးမထွက်ရတာမျိုးလည်း ပူပန်စရာ မလိုပါဘူး။ တစ်ယောက်တည်း ခရီးထွက်လို့ ရသလို tour company တွေနဲ့ ချိတ်ပြီး အဖွဲ့လိုက် ခရီးစဉ်တွေမှာ ပါဝင်ပြီး ခရီးထွက်လို့ ရပါသေးတယ်။ ဒါကြောင့် အခုခေတ်က ယာယီအဖော်စပ်ဖို့ လွယ်လို့ ကိုယ့်မှာ သူငယ်ချင်း မရှိတောင် မပူရပါဘူး။

ကိုယ့်အတွက် အချိန်ပိုရတယ်

သူငယ်ချင်း အပေါင်းအသင်း ရှိတဲ့သူတွေက ကိုယ့်အချိန်ထဲကနေ သူငယ်ချင်းတွေအတွက် အချိန်ဖဲ့ပေးရလေ့ ရှိပါတယ်။ ဒီအတွက် ကိုယ့်အချိန်က သိပ်မရှိတတ်ကြပါဘူး။ အပေါင်းအသင်း မရှိတော့ တစ်ယောက်တည်း ကိုယ့်အရည်အချင်းအတွက် ဖြည့်ဆည်းစရာ လေ့လာစရာတွေကို ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် အဖော်မရှိတာ ဆိုးတာ မဟုတ်ဘဲ ကောင်းတာလည်း ဖြစ်နေနိုင်ပါတယ်။

စိတ်ဓာတ်ခိုင်မာတယ်

တစ်ယောက်တည်း ရပ်တည်ရဲ ရှင်သန်ရဲတဲ့သူတွေက သူများတွေထက်ပိုပြီး လောကဓံကို ရင်ဆိုင်နိုင်ကြပါတယ်။ ဒါကြောင့် သူတို့က သူများထက် ထူးခြားနေပါတယ်။ စိတ်ဓာတ်ကလည်း ခိုင်မာတာမို့ မိဘတွေကို နောက်ဆံမတင်းစေတဲ့သူလည်း ဖြစ်နေပါသေးတယ်။