ကိုယ့်ပတ်ဝန်းကျင်မှာ အသက်အရွယ်ပိုင်းတစ်ခုကိုရောက်နေပေမယ့် ဆယ်ကျော်သက်လေးလို၊ လူငယ်လေးတွေလို နုပျိုပြီး လှပနေတဲ့သူတွေကိုတွေ့ဖူးလား။ တကယ်တမ်းအသက်မေးကြည့်လိုက်တော့မှ “ဟယ်.. မထင်ရဘူးနော်၊ နုလိုက်တာ” လို့ပြောခံရတဲ့သူတွေမှာ အများကအားကျရလောက်တဲ့ အရည်အသွေးတွေရှိနေလို့လား။ မအိုဆေးတွေစားထားလို့လား။ မဟုတ်ပါဘူးနော်။
တကယ်တော့ စိတ်ပျိုကိုယ်နုဆိုတဲ့ အတိုင်း အရွယ်နဲ့မလိုက်အောင် ငယ်ရွယ်နုပျိုတဲ့သူတွေအများစုက သူတို့ရဲ့ နေထိုင်မှုပုံစံနဲ့ သူတို့ရဲ့ စိတ်နေစိတ်ထား Attitude လေးတွေကြောင့်ပါ။ တစ်ချို့ကတော့ လျှို့ဝှက်ချက်လို့ပြောပေမယ့် လက်တွေ့မှာတော့ နုပျိုချင်တယ်ဆိုရင် လိုက်နာရမယ့် အချက်လေးတွေလို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဘာတွေဖြစ်မလဲကြည့်လိုက်ရအောင်။
Meditate လုပ်တယ်
တရားထိုင်တာ၊ စိတ်ငြိမ်တဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ၊ Yoga ကျင့်တာတွေကလည်း လူကို အတွင်းရော၊ အပြင်ပါ လန်းဆန်းပြီး စိတ်ကိုတည်ငြိမ်စေတယ်။ သွေးလည်ပတ်မှုကောင်းပြီး စိတ်ကူးသစ်တွေကိုလည်း နှိုးဆွပေးနိုင်ပါတယ်။ တက်ကြွလန်းဆန်းနေတဲ့သူတစ်ယောက်အတွက် သူ့ကိုကြည့်ရတာ လူငယ်တစ်ယောက်လိုပဲ Energetic ဖြစ်စေတယ်လေ။
ကျန်းမာရေးအလေးထားတယ်
ကျန်းမာခြင်းက လာဘ်တစ်ပါးဆိုတဲ့အတိုင်း ကျန်းမာအောင်နေထိုင်တာကလည်း ကိုယ့်ကို နုပျို လန်းဆန်းနေဖို့ အထောက်အကူဖြစ်စေပါတယ်။ ပြီးတော့ ကျန်းမာရေးဆိုတာ အခုချက်ချင်းကောက်လုပ်လို့ရတဲ့အရာမဟုတ်ပါဘူး။ ရေရှည်ကိုယ့်ရဲ့အနေအထိုင်၊ အစားသောက်ကို ဂရုစိုက်မှသာ အသက်ကြီးသွားတဲ့ အထိလူငယ်လေးတစ်ယောက်လို ဖျတ်လတ်ပြီး အရွယ်တင်နေစေမှာမလား။ ဒါကြောင့်အခုတည်းက ကျန်းမာရေးကိုထိခိုက်စေတဲ့ ဆေးလိပ်အရက်သောက်တာတွေ၊ အိပ်ချိန်မမှန်တာတွေနဲ့ Unhealthy Habits တွေကို ဖျောက်ဖို့လိုမယ်နော်။
အလှအပဂရုစိုက်တယ်
အသက်ကြီးမှ ငယ်မှမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုအချိန်မရွေး Care လုပ်နေတယ်။ အသားအရေကို ပုံမှန်ထိန်းသိမ်းတယ်။ နေရောင်ခြည်ကိုအတတ်နိုင်ဆုံးရှောင်တယ်။ ရေများများသောက်တယ်။ သင့်တော်တဲ့ Skin Care တွေကိုပြုလုပ်ပေးမယ်ဆိုရင်ကလည်း ဒါကိုယ့်ကိုယ်ကို အချိန်တိုင်းနုပျိုလှပနေအောင် ထိန်းသိမ်းနေသလိုပါပဲ။ ပိုပြီး လှသည်ထက်လှချင်ရင်တော့ မိတ်ကပ်ပါးပါးလေးထပ်လိမ်းနိုင်ပါတယ်။
ဖက်ရှင်ကျအောင်ဝတ်တယ်
ရုပ်နုတယ် အိုတယ်ဆိုတဲ့ အသွင်အပြင်ကဝတ်တဲ့အဝတ်အစားအပေါ်မှာလည်း အများကြီးမူတည်ပါတယ်။ အသက်အရွယ်နဲ့မလိုက်အောင် နုနေတဲ့သူတွေကိုကြည့်လိုက်ရင် အမြဲဖလန်းဖလန်းပဲ။ အဲ့လိုပြောလို့ ကလေးတွေဝတ်သလို ကြောင်ကြောင်ကြားကြားတွေဝတ်တာကိုဆိုလိုတာမဟုတ်ဘူးနော်။ သူ့နေရာအချိန်အခါအပေါ်မူတည်ပြီး လိုက်ဖက်တဲ့ အဝတ်အစားကိုဖက်ရှင်ကျကျရွေးချယ်နိုင်ရင်လည်း အမြဲအရွယ်တင်ပြီး လှပနေမှာပါ။
အနုပညာကို ခံစားတယ်
အနုပညာခံစားတတ်သူတွေရဲ့စိတ်နှလုံးက သိမ်မွေ့တယ်။ နူးညံ့တယ်။ Piano ပဲတီးတီး၊ ပန်းချီလေးပဲ ဆွဲဆွဲ၊ ပန်းလေးတွေပဲ ထိုးထိုး၊ ကဗျာလေးတွေပဲရေးရေး အသေးစိတ် Detail ဂရုစိုက်တတ်ကြတယ်။ အနုပညာနဲ့ ပျော်ရွှင်မှုကိုရှာပြီး အဲ့အရာကပဲ သူတို့ရဲ့စိတ်ကိုအမြဲပျော်ရွှင် စေတယ်။
စိတ်ဖိစီးမှုကင်းအောင်နေတယ်
မယုံမရှိနဲ့နော်။ စိတ်ဖိစီးမှုကင်းတဲ့ သူတွေက ပိုပြီး ငယ်ရွယ်တဲ့ ပုံပေါက်ပါတယ်။ အဲ့လိုပြောလို့ လူတိုင်း စိတ်ဖိစီးမှုမရှိရဘူးလို့မပြောပါဘူး။ လူရယ်လို့ဖြစ်လာရင် ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ အနည်းနဲ့အများ Stress ဆိုတာရှိမှာပါပဲ။ ဒါပေမယ့် ကိုယ်တစ်နေ့တာအတွက်အကောင်းဆုံးလုပ်ဆောင်ပြီးသွားတဲ့အချိန်တွေမှာ နောက်တစ်နေ့မဖြစ်သေးတဲ့အရာတွေအတွက် အတွေးမလွန်ဖို့နဲ့ ကိုယ့်ရဲ့စိတ်လေးကို ပျော်ရွှင်အောင် ပြေလျော့ပေးဖို့ပါပဲ။
အရာတိုင်းကို အကောင်းမြင်စိတ်နဲ့ကြည့်တယ်
ဒီအချက်ကအရေးကြီးပါတယ်။ အပေါ်ကအချက်တွေ အကုန်လိုက်လုပ်သည့်တိုင် ကိုယ့်မှာ အကောင်းမြင်စိတ်မရှိဘူးဆိုရင် အချည်းနှီးပါပဲ။ အပြင်ပန်းက အလှဆုံးပြင်ဆင်ထားပေမယ့် အရာရာမှာ အဆိုးဘက်ကိုတွေးတတ်တာတွေ၊ ဒေါသစိတ်တွေ၊ သူတစ်ပါးအပေါ် မနာလိုဝန်တိုစိတ်တွေရှိရင်က ကိုယ့်ရဲ့ရုပ်သွင်ကို အကျဉ်းတန်စေရုံတင်မကပဲ ပိုပြီးအိုစာစေပါတယ်။ ကူညီတတ်တဲ့စိတ်၊ ကိုယ်ချင်းစာစိတ်နဲ့ Open Minded ဖြစ်တဲ့ Attitude လေးတွေက သင့်ကို ပိုနုပျိုပြီး လူချစ်လူခင်ပေါများစေမှာသေချာပါတယ်။