အားလပ်ချိန်ဆိုတာ လူတိုင်းလူတိုင်းအတွက် လိုအပ်ပါတယ်။ ကျွန်တော်တို့တွေက စက်ရုံလူသားတွေမဟုတ်တာကြောင့် အလုပ်လုပ်ချိန် /အားလပ်ချိန် ဆိုတာမျိုးတသီးတသန့် ခွဲထားသင့်တာပါ။ အရေးကြီးဆုံးက အားလပ်ချိန်တွေကို ကောင်းကောင်းအသုံးချတက်ဖို့ပါပဲ။ အားလပ်ချိန်ကိုကောင်းစွာအသုံးချဖို့အတွက် ဒီနေ့ဆောင်းပါးလေးကနေ နည်းလမ်းကောင်းတွေကိုပြောပြပေးမှာပါ။
ကောင်းစွာအနားယူပါ
အားလပ်ချိန်မှာ ကောင်းကောင်းအနားယူဖို့လည်း လိုအပ်ပါတယ်။ ဖုန်းတွေတစ်ချိန်လုံးကြည့် TV တွေကြည့်ပြီး အနားယူတယ်ဆိုတာ တကယ်တော့ မှားပါတယ်။စိတ်နဲ့ ခန္ဓာကိုယ်ကိုတကယ်အေးချမ်းစေပြီး ကောင်းကောင်းအနားယူချင်တယ်ဆိုရင် ဖုန်းတွေ တီဗီတွေကိုပိတ်လိုက်ပါ။ စိတ်ရှုပ်စရာစိတ်ဖိစီးစရာတွေကိုမေ့ထားပြီး တိတ်ဆိတ်ငြိမ်သက်မှုရှိတဲ့နေရာလေးမှာ အေးအေးချမ်းချမ်းအနားယူဖို့ တိုက်တွန်းချင်ပါတယ်။
လေ့ကျင့်ခန်းလုပ်ပါ
ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းကိုလည်း မေ့ထားလို့မရပါဘူး။အားကစားလုပ်ခြင်းက ကိုယ်ကျန်းမာခြင်းသာမက စိတ်ကျန်းမာခြင်းအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ဒါကြောင့် အားလပ်ချိန်တွေမှာ ကိုယ်ကာယလေ့ကျင့်ခန်းအတွက်လည်း အချိန်ပေးပြီးလုပ်ဆောင်ပေးသင့်ပါတယ်။
စာအုပ်ဖတ်ပါ
အရင်က အလုပ်တွေကျောင်းတွေကြောင့် စာအုပ်ကောင်းကောင်းမဖတ်ခဲ့ရဘူးဆိုရင်တော့ အခုချိန်ကအကောင်းဆုံးအချိန်ပါပဲ။ စာဖတ်ခြင်းက ဗဟုသုတ တိုးစေတဲ့အပြင် အသိပညာနဲ့ ဆင်ခြင်တုန်တရားတွေကိုသိမြင်လာဖို့ လမ်းညွှန်ပေးနိုင်ပါတယ်။အပျင်းလည်းပြေစေပြီး အကျိုးလည်းရှိတာကြောင့် အားလပ်ချိန်တွေမှာစာဖတ်ဖို့ အကြံပြုချင်ပါတယ်။
ဂီတတူရိယာတစ်ခုခုသင်ယူပါ
ဂစ်တာ စန္ဒရား တယော စသည်ဖြင့်တူရိယာတစ်ခုခုတီးခတ်ခြင်းဟာ စိတ်တည်ငြိမ်စေပြီးပျော်ရွှင်မှုကိုပေးပါတယ်။ စိတ်ဖိစီးနေတဲ့အချိန်တွေပဲ ဖြစ်ဖြစ် တစ်ယောက်တည်းပျင်းနေတဲ့အချိန်တွေပဲဖြစ်ဖြစ် ဂီတတူရိယာတွေက သင်နဲ့အတူအကောင်းဆုံးအဖော်ပြုပေးမှာဖြစ်ပါတယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ ဂီတတူရိယာတစ်ခုခုမတီးတက်သေးဘူးဆိုရင် အခုပဲလေ့လာသင်ယူလိုက်ပါ။