နေ့တိုင်းမှာ ပျော်နေဖို့ဆိုတာ မလွယ်ဘူးလို့ ထင်ကောင်း ထင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ပျော်ရွှင်မှုဆိုတာ ကိုယ့်အပေါ်ကိုလည်း မူတည်နေပါသေးတယ်။ ဒါကြောင့် ပျော်ပျော်နေတတ်တာပဲ ဆိုတဲ့ စကားမျိုး ရှိနေတာ ဖြစ်ပါတယ်။ နေ့တိုင်း ပျော်ရွှင်ဖို့ဆိုတာ မလွယ်ကူပေမယ့် နေ့တိုင်း ပျော်ရွှင်ဖို့အတွက် လိုအပ်တဲ့ သော့ချက်လေးတွေကတော့ အခုလိုပဲ ရှိနေပါတယ်။
ပူပင်သောကကို လျှော့ချပါ
ပူပင်သောကတွေဆိုတာ အပူတွေပါ။ အပူတွေက ရင်ထဲမှာ များလေလေ ကိုယ့်ကို ပူလောင်စေလေ ဖြစ်ပြီး သင့်ကို ပျော်ရွှင်မှုတွေ နည်းသထက် နည်းသွားစေမှာပါ။ ဒီအတွက် ပူပင်သောကတွေကို လျှော့ချပေးဖို့ လိုအပ်ပါတယ်။ ပူပင်သောကတွေကို လျှော့ချတဲ့အခါ ဖြေရှင်းသင့်တာကို ဖြေရှင်းလိုက်တာမျိုးနဲ့ စိတ်ကို နှစ်သိမ့်မှု ပေးတာမျိုးနဲ့ လုပ်လို့ ရပါတယ်။
ပျော်စရာတွေကို ပိုတွေးကြည့်ပါ
ပျော်ရွှင်တဲ့အချိန်မှာ ထွက်တဲ့ ဟော်မုန်းတွေက ကိုယ့်ကို ပိုပြီး ကျန်းမာစေပါတယ်။ ဒါ့အပြင် ဝမ်းနည်းစရာတွေ၊ နာကျင်ရတာတွေကို သက်သာသွားစေနိုင်ပါတယ်။ မကောင်းတဲ့ ခံစားချက်တွေ လျော့ကျပြီး ကောင်းတဲ့ခံစားချက်တွေ တိုးပွားလာဖို့အတွက် ကိုယ့်အတွက် ပျော်မယ်လို့ ထင်ရတဲ့ အရာတွေကို များများ တွေးပေးတာက အထောက်အကူ ဖြစ်စေပါတယ်။ ဒီလိုသာ နေ့တိုင်း လုပ်ပေးမယ်ဆိုရင် နေ့တိုင်း ပျော်နေရမှာပါ။
မလိုအပ်တဲ့ အပူအပင်တွေကို မတွေးပါနဲ့
အပူအပင်ဆိုတာ လိုအပ်လို့ ပူပင်ရတာနဲ့ မလိုအပ်ဘဲ ပူပင်နေရတာဆိုပြီး နှစ်မျိုး ရှိပါတယ်။ ကိုယ့်ဘက်က ဘာမှ လုပ်ပေးလို့ လည်း မရ၊ လုပ်ပေးစရာလည်း မလိုတဲ့အချိန်မျိုးမှာ စိတ်ညစ်နေတာမျိုးက မလိုအပ်တဲ့ ပူလောင်မှုမျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့် မလိုအပ်တဲ့ အပူအပင်တွေကိုတော့ ဘယ်ဘက်ကဝင်ရင် ညာဘက်က ထုတ်လိုက်ဖို့ ကိုယ့်ဘက်က သတိပေးရင်တော့ သင့်အတွက် နေ့တိုင်း ပျော်ရွှင်နေတဲ့ နေ့ရက်တွေကို ပိုင်ရမှာပါ။
စိတ်ကိုလည်း အနားပေးပါ
မပျော်ရဘူးဆိုတဲ့ အချိန်တွေက စိတ်တွေ ပင်ပန်းနေရတဲ့ အချိန်တွေမျိုး ဖြစ်ပါတယ်။ မကောင်းတာတွေနဲ့ အလုပ်အကြောင်းတွေပဲ တွေးနေတာမျိုး၊ အတွေးပေါင်းစုံပဲ အမြဲ ရှိနေတာမျိုးက သင့်ကို ပင်ပန်းစေတဲ့ အချက်တွေပါပဲ။ နေ့တိုင်း ပျော်ရွှင်နိုင်ဖို့ဆိုရင် ကိုယ့်ဘက်ကလည်း စိတ်ကို သက်သာအောင် လုပ်ပေးသင့်ပါတယ်။ ဘာမှ မတွေးဘဲ အနားရနေအောင် လုပ်ပေးမယ်ဆိုရင်တော့ ပင်ပန်းတာတွေ သက်သာလာပြီး ပိုပြီး ပျော်ရွှင်လာမှာပါနော်။
ပျော်ရွှင်ရတဲ့ အလုပ်တွေကို လုပ်ပါ
ကိုယ့်ကို ပျော်ရွှင်စေတဲ့ အရာတွေဆိုတာ ရှိပါတယ်။ လေဝဝ ရှူလိုက်တာမျိုး၊ ရေခဲမုန့် စားရတာမျိုး၊ ကိုယ်ဝါသနာပါတာမျိုး လုပ်နေရတာမျိုး စတဲ့ ကိုယ့်ကို ပျော်ရွှင်စေတာမျိုး ရှိတတ်ကြပါတယ်။ ကိုယ့်အတွက် ပျော်ရွှင်စေမယ့်အရာတွေကို ဘာမှ မလုပ်နေဘူးဆိုရင် နေ့တိုင်း ပျော်ရွှင်ဖို့ မလွယ်ပါဘူး။ နေ့တိုင်း ပျော်ရွှင်ချင်တယ်ဆိုရင်တော့ ကိုယ့်အတွက် ပျော်ရွှင်စေမယ့်ဆိုတဲ့ အရာတွေကို လုပ်ပေးဖို့ လိုကို လိုအပ်ပါတယ်။