အသိပညာ

ဘယ်အရာနဲ့ပဲနှိုင်းယှဥ်ပါစေ မေတ္တာတရားကပဲ အလေးသာပါတယ်

ဘယ်အရာနဲ့ပဲနှိုင်းယှဥ်ပါစေ မေတ္တာတရားကပဲ အလေးသာပါတယ်

အမျိုးသားတစ်ယောက်က အဖွားအိုကြီးရောင်းတဲ့ လိမ္မော်သီးတွေကို အမြဲ ဝယ်လေ့ရှိတယ်

သူ့စိတ်ကြိုက် လိမ္မော်သီးတွေ ရွေးပြီးတာနဲ့ ကီလိုချိန်တယ်…အဲဒီ့အတွက် ကျသင့်ငွေတွေရှင်းပြီး သူ့လွယ်အိတ်ထဲပဲ ထည့်ယူသွားတယ်

ဒါပေမဲ့ အဲဒီလို လွယ်အိတ်ထဲ လိမ္မော်သီးတွေထည့်တိုင်း သူလုပ်လေ့ရှိတာကတော့ လွယ်အိတ်ထဲ ပိုက်ဆံရှင်းပြီးသား လိမ္မော်သီးအားလုံးထည့်ပီးတာနဲ့ လိမ္မော်သီးတစ်လုံးကို အိတ်ထဲက ပြန်ထုတ်တယ်…ဆိုင်မှာပဲ အခွံခွာပြီး လိမ္မော်သီးကို စားကြည့်တယ်

ပြီးတော့
“ဒီလိမ္မော်သီးက အရမ်းချဉ်တာပဲ” လို့
လိမ္မော်သီးတစ်စိတ်ကို စားရင်း သူကပြောပြီးတာနဲ့ ကျန်တဲ့ တစ်လုံးလုံးကို ဆိုင်ရှင်အဖွားကြီးကို ပေးလိုက်တယ်

အဖွားအိုကြီးကလဲ….တစ်စိတ်စီ စားကြည့်ရင်းနဲ့ “ဘာဖြစ်လို့လဲ မချဉ်ပါဘူး သူက ချိုပါတယ် လူကလေးရဲ့” လို့ ပြန်ပြောတယ်ဆိုရင်ပဲ အဲဒီလူဟာ သူ့ရဲ့ လိမ္မော်သီးအိတ်ကလေးလွယ်လို့ ထွက်သွားနှင့်ပြီ ဖြစ်တယ်

ဒီအပြုအမူဟာ သူလိမ္မော်သီးလာဝယ်တိုင်း လုပ်နေကျပါပဲ တစ်ခါတော့ သူနဲ့ အမြဲတူတူ လိုက်လာတဲ့ ဇနီးဖြစ်သူက နားမလည်နိုင်စွာ မေးတယ်

“အဲဒီ အမေကြီး ဆိုင်က လိမ္မော်သီးတွေက အမြဲချိုပါတယ်…ဒါပေမဲ့ ရှင်က ဘာကြောင့် အဲဒီလိုပဲ အမြဲ လုပ်နေရတာလဲ”

ထိုအခါ ယောကျာ်းဖြစ်သူက ပြုံးပြီးပြောတယ်

“အမေကြီးက ချိုမြိန်တဲ့ လိမ္မော်သီးတွေ အမြဲရောင်းပေမဲ့ ပိုက်ဆံမတတ်နိုင်လို့ သူ့လိမ္မော်သီးတွေကို သူတောင်မစားဖူးဘူး…ငါဒီလိုလုပ်လိုက်တဲ့နည်းနဲ့ သူက မြည်းကြည့်ရင်းပဲဖြစ်ဖြစ် သူ့ပိုက်ဆံတပြားမှမကုန်ပဲ လိမ္မော်သီးချိုချိုလေးတစ်လုံး စားလိုက်နိုင်တာပေါ့” တဲ့

ဒီလိုပဲ…အဖွားအိုရဲ့ ဘေးဆိုင်က စျေးသည်မိန်းမကလဲ အဲဒီအမျိုးသားကို ပြစ်တင်ဝေဖန်တယ်

“ရှင့်ဆိုင်က လိမ္မော်သီးတွေက ချိုရဲ့သားနဲ့ အဲဒီလူက အမြဲချဉ်တယ်ပြောတယ် ဒါတောင် ရှင်က အမြဲ အဆစ်ပိုထည့်ပေးတယ်နော်”

ဒီစကားကြားတော့ အမေအိုကြီးက ကျေကျေနပ်နပ် ပြုံးလိုက်ရင်း …
“သူဒီလိုလုပ်တာ ငါ့ကို လိမ္မော်သီး အလကားကျွေးချင်လို့ဆိုတာ ငါသိတယ် ငါက အဆစ်ထည့်ပေးတာမဟုတ်ပါဘူး သူ့ရဲ့ မေတ္တာတရားက အလေးသာသွားတာပါ” လို့ ပြောပြလိုက်ပါတယ်

ဘဝရဲ့ ပျော်ရွှင်မှုတွေဟာ ဒီလိုသေးငယ်တဲ့ ချစ်စရာအပြုမူလေးတွေလိုပဲ…

လူသားအချင်းချင်း အသားရောင်ခွဲခြားမှုမရှိ
အဆင့်အတန်း ခွဲခြားမှုတွေက ရုန်းထွက်ရင်း
တစ်ဦးပေါ် တစ်ဦး မေတ္တာထားကြရင်း
တစ်ဦးပေါ် တစ်ဦး စာနာ နားလည်ပေးကြရင်းနဲ့ ဒီလိုနဲ့ ဘဝရဲ့ ပျော်ရွှင်မှုတွေဟာ စတင်ကြတယ်