အမျိုးသားတစ်ယောက်ဟာ ချစ်သူအမျိုးသမီးက သူ့ကို ငမွဲတစ်ယောက်မို့ မတွဲချင်တော့ဘူးဆိုပြီး ဖြတ်သွားတဲ့နေ့မှာပဲ ထီသန်းဆုကြီးကို တိုက်တိုက်ဆိုင်ဆိုင် ဆွတ်ခူးခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ အသည်းကွဲလို့ စိတ်နာဝမ်းနည်းနေပေမယ့် မကြာသေးခင်က ကံစမ်းခဲ့တဲ့ထီလက်မှတ်က ပေါင်(၃)သန်းအထိ ဆွတ်ခူးခဲ့တာပါ။အဆိုပါ အမျိုးသားဟာ တောင်အာဖရိကနိုင်ငံ၊ Johannesburg မှာ နေထိုင်သူဖြစ်ပြီး၊ သူ့အနေနဲ့ အထားခံခဲ့ရလို့ အခုအခါမှာတော့ ဝမ်းမနည်းတော့သလို စိတ်အေးလက်အေး ရှိနေဖြစ်ကြောင်း သိသာစေဖို့ ဖြတ်သွားတဲ့ချစ်သူဟောင်းကို ရေခဲသေတ္တာတစ်လုံးတောင် ဝယ်ပေးခဲ့ပါသေးသတဲ့။ သူဟာ အသက်(၃၀)နှစ်သာ ရှိပါသေးတယ်။

ယခင်ကတော့ သူဟာ ဘဏ္ဏာရေးအပိုင်းမှာ အလုပ်လုပ်သူပါ။ သူဟာ ဇန်နဝါရီ (၁၅)ရက်နေ့မှာပဲ ထီဆုဆွတ်ခူးခဲ့တာဖြစ်ပြီး၊ ဒီသတင်းကို မကြားရခင်ကတော့ ချစ်သူက စွန့်ပစ်တာခံရတဲ့ သူ့ဘဝအဖို့ စိတ်ဓာတ်ပိုင်းလည်း ကျဆင်းစရာ ဖြစ်ခဲ့သလို၊ လူလည်း အတော်လေး ဆောက်တည်ရာမရ ဖြစ်ခဲ့ပါသတဲ့။ အဲဒီနေ့ ချစ်သူက အဖြတ်ခံရတဲ့ မရှေးမနှောင်းမှာပဲ သူဟာ ထီပေါက်ကြောင်း သိခဲ့ရတာပါ။

အခုဆို သူဟာ ဇန်နဝါရီ (၁၉)ရက်ကတည်းက နိုင်ငံတော်ထီအော်ပရေတာရုံးမှာ ထီဆု ထုတ်ယူပြီးပြီလို့ သိရပါတယ်။ သူဟာ အရင်တုန်းကလည်း ထီမဖြစ်စလောက်လေး ပေါက်ဖူးပါသေးတယ်လို့ ဆိုပါတယ်။ ထိုစဉ်တုန်းကတော့ တောင်အာဖရိကငွေကြေး Rand (၅၀၀)သာ ရရှိခဲ့ပါတယ်။ ပမာဏအားဖြင့် (၂၄)ပေါင်သာ တန်ကြေးရှိတာပါ။သူက ” အဲဒီတုန်းကတော့ ရန်ဒ်(၅၀၀)ပဲ ရခဲ့တယ် … မဖြစ်စလောက်လေးပေါ့ … အခုလည်း အတူနေချစ်သူက ထားသွားလို့ စိတ်ထဲမှာ ကြည်လင်နေတာမျိုးတော့ မဟုတ်ပါဘူး … ထီလည်းပေါက် သူမကလည်း ကျောခိုင်းသွားတော့ … ဒါတွေက ကိုယ်တစ်ယောက်တည်းနဲ့ပဲ ဆိုင်တော့တာလေ … ကျွန်တော်ဆို အိပ်မက် မက်နေတာလားလို့တောင် ထင်မိတယ်”

” ချက်ချင်း ရေအေးအေးလေး ချိုးလိုက်တယ် … စိတ်ကို တည်ငြိမ်အောင်ထားတယ် … ပြီးတော့ လက်မှတ်နဲ့ ထီပြန်တိုက်ကြည့်တယ် … ဒါ တကယ်ဖြစ်နေတဲ့ကိစ္စပါ … သူမသာ ကျွန်တော်နဲ့ အတူတူရှိနေရင် သူမလည်း ကံကောင်းတဲ့လူထဲမှာ ပါမှာပေါ့ … “လို့ ပြောခဲ့ပါတယ်။ ဒီလောက် ထီဆုကြီးကို ဆွတ်ခူးပေမယ့် အလုပ်ကနေ ထွက်ဦးမှာမဟုတ်ပါဘူးတဲ့။ အနာဂတ်မှာတော့ ရင်းနီးမြျုပ်နှံတာတွေ သူ တက်နိုင်တဲ့အလှူတွေ ပြုလုပ်မယ်လို့ ဆိုပါတယ်။ သူ့အမည်ကိုတော့ ဖော်ပြခြင်းမရှိပါဘူး။
Unicode



