ကျမ္မာရေး ဗဟုသုတ

အဲကွန်းခန်းမှာ အနေများသူတွေ သတိထား လိုက်နာသင့်တဲ့ အချက်များ …. .

အခုလို ပူလောင်အိုက်စပ်တဲ့ နွေရာသီမှာ အဲကွန်း (Air Conditioner) တွေဟာ အိမ်တိုင်းနဲ့ လုပ်ငန်းခွင်တိုင်းမှာ မရှိမဖြစ် နေရာယူလာပါတယ်

ရာသီဥတုကြောင့် ပူလောင်နေတဲ့ အခြေအနေတခုကို အဲကွန်းတွေက လျှော့ချပေးနိုင်တာကြောင့် အပူဒဏ်ကနေ သက်သာတယ်ဆိုပေမယ့်

အဲကွန်းခန်းထဲမှာပဲ အနေကြာလာရင်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်မို့လို့ အဲကွန်းခန်းထဲမှာပဲ အနေများသူတွေအနေနဲ့ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်ပေါ်ရအောင် သတိပြုလိုက်နာသင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်

(၁) ရေများများသောက်ပါ

အဲကွန်းခန်းထဲမှာ အနေများခြင်းဟာ ခန္ဓာကိုယ် ရေဓာတ်ခမ်းခြောက်ခြင်းကို ဖြစ်ပေါ်စေနိုင်တာကြောင့် တတ်နိုင်သလောက် ရေများများ သောက်ပေးသင့်ပါတယ်
ရေများများသောက်ပေးခြင်းဟာ ခန္ဓာကိုယ်ရေဓာတ် ခမ်းခြောက်ခြင်းကို ပြန်လည် ဖြည့်တင်းပေးနိုင်တဲ့အပြင် အဲကွန်းခန်းထဲမှာ အနေကြာခြင်းကြောင့် ဖြစ်တတ်တဲ့အသားအရေ ခြောက်သွေ့ခြင်းတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်

(၂) အဲကွန်းခန်းထဲကနေ ချက်ချင်း နေပူထဲ ထွက်တာမျိုးနဲ့ ဝင်တာမျိုးကို မပြုလုပ်ပါနဲ့

အဲကွန်းခန်းထဲကနေ နေပူထဲကို ရုတ်တရက်ဆိုသလို ထွက်တာမျိုးနဲ့ နေပူထဲကနေ အဲကွန်းခန်းထဲကို ချက်ချင်းဝင်တာမျိုးဟာ နှာခေါင်းသွေးလျှံတာ၊ဦးနှောက်သွေးကြောပြတ်တာ စတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ Air Cutter ရှိတဲ့နေရာမျိုးတွေမှာဆိုရင် အဲဒီနေရာမှာခဏလောက်ရပ်နေပြီးမှာ သွားလာတာမျိုးကို ပြုလုပ်ပေးသင့်ပါတယ်

(၃) လေကောင်းလေသန့် ထွက်ရှုပေးပါ

အဲကွန်းခန်းထဲမှာ အနေကြာခြင်းဟာ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်တာကြောင့် အပြင်ဘက်ကို လေကောင်းလေသန့် ထွက်ရှုပေးတာမျိုး ပြုလုပ်ပေးသင့်ပါတယ်

(၄) အဲကွန်းသန့်ရှင်းရေးကို ပုံမှန်ပြုလုပ်ပေးပါ

အဲကွန်းတွေဟာ အသုံးပြုတာကြာလာတာနဲ့အမျှ ဘက်တီးရီးယားနဲ့ မှိုတွေကို ပေါက်ဖွားစေနိုင်တာကြောင့် အဲကွန်းသန့်ရှင်းပြုလုပ်ဖို့ကို မမေ့လျော့သင့်ပါဘူး

အဲကွန်း ပုံမှန်သန့်ရှင်းရေး မပြုလုပ်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေနဲ့ ဓာတ်မတည့်မှုကြောင့် အသားအရေ ယားယံတာမျိုးကိုဖြစ်ပေါ်စေနိုင်တာကြောင့် သတိထားပြီး ပြုလုပ်သင့်ပါတယ်

Credit: Irrawaddy