ၾကားသိရသမွ်

တရားစွဲခံ သရုပ်ဆောင်များ၏ ကြော်ငြာဆိုင်းဘုတ်များကို စစ်ကောင်စီက ဖြုတ်ခိုင်းနေ

ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် တရားစွဲခံထားရတဲ့ သရုပ်ဆောင်တွေရဲ့ ကြော်ငြာဆိုင်းဘုတ်မှန်သမျှကို စစ်ကောင်စီခန့် မန္တလေးစည်ပင်သာယာ တာဝန်ရှိသူရဲ့အမိန့်နဲ့ နှစ်ရက်အတွင်း အပြီးဖြုတ်ခိုင်းနေတယ်လို့ စည်ပင်ဝန်ထမ်းတွေထံက သိရပါတယ်။

မန္တလေးမြို့မှာ ဇွန်လ ၁၅ ရက်နေ့က စပြီး စည်ပင်သာယာဝန်ထမ်းနဲ့ စည်ပင်ရဲတွေက ကြော်ငြာ ဆိုင်းဘုတ်တွေကို လိုက်လံဖြုတ်သိမ်းနေကြတာဖြစ်ပါတယ်။

ကြော်ငြာ ဆိုင်းဘုတ်တွေကို စည်ပင်သာယာထံ လုပ်ငန်းရှင်တွေက အခွန်ငွေပေးပြီး ထောင်ရတာ ဖြစ်တဲ့အတွက် တချို့လုပ်ငန်းရှင်တွေကတော့ “အခွန်ဆောင်ထားရတာတွေပြန်ပေးမှာလား”လို့ မေးခွန်း ထုတ်နေကြပါတယ်။

လူအသွားအလာများတဲ့ အဓိက လမ်းမကြီးတွေမှာ စိုက်ထူထားတဲ့ ဆိုင်းဘုတ်တွေအတွက် အခွန်ပိုမိုပေးဆောင်ထားရတယ်လို့လည်း သိရပါတယ်။

လမ်းဘေးဆိုင်တွေမှာလည်း အဆိုပါ သရုပ်ဆောင်တွေ ပါဝင်တဲ့ ဗီနိုင်းဆိုင်းဘုတ်တွေနဲ့ ကြော်ငြာထားတာ မှန်သမျှ ဖြုတ်ကြဖို့ စည်ပင်ကဝန်ထမ်းတွေ လိုက်ပြောနေကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေ အဓိက ဖြတ်သန်းသွားလာရာ အဓိကနေရာတွေဖြစ်တဲ့ မန္တလေးမြို့ ၇၈ လမ်း တစ်လျှောက်၊ ၈၄ လမ်း တလျှောက်၊ ၇၃ လမ်းနဲ့ လမ်း ၃၀ စတဲ့ လမ်းတွေကို အရင်ဆုံး လိုက်လံဖြုတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

အလားတူ ရန်ကုန်မြို့မှာလည်း အများပြည်သူ ဖြတ်သန်းသွားလာရာ အဓိကလမ်းမကြီးတွေပေါ်က တရားစွဲခံ သရုပ်ဆောင်တွေရဲ့ ကြော်ငြာ ဆိုင်းဘုတ်ကြီးတွေလည်း မရှိသလောက်နည်းပါးသွားပါတယ်။

ဒါ့အပြင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံပါဆိုင်းဘုတ်တွေလည်း ဖြုတ်သိမ်းခံထားရသလို သမ္မတ ဦးဝင်းမြင့်နေထိုင်ရာ တာမွေမြို့နယ်ရှိ ခြင်းလုံးရုံမှာ ချိတ်ဆွဲထားတဲ့ ခြင်းလုံးခတ်နေတဲ့ဓာတ်ပုံတွေကိုပါ စစ်အုပ်စုက လိုက်လံ ဖြုတ်သိမ်းထားပါတယ်။

—————————–

ပုဒ္မ ၅၀၅(က)နဲ႔ အမႈဖြင့္ တရားစြဲခံထားရတဲ့ သ႐ုပ္ေဆာင္ေတြရဲ႕ ေၾကာ္ျငာဆိုင္းဘုတ္မွန္သမွ်ကို စစ္ေကာင္စီခန႔္ မႏၲေလးစည္ပင္သာယာ တာဝန္ရွိသူရဲ႕အမိန႔္နဲ႔ ႏွစ္ရက္အတြင္း အၿပီးျဖဳတ္ခိုင္းေနတယ္လို႔ စည္ပင္ဝန္ထမ္းေတြထံက သိရပါတယ္။

မႏၲေလးၿမိဳ႕မွာ ဇြန္လ ၁၅ ရက္ေန႔က စၿပီး စည္ပင္သာယာဝန္ထမ္းနဲ႔ စည္ပင္ရဲေတြက ေၾကာ္ျငာ ဆိုင္းဘုတ္ေတြကို လိုက္လံျဖဳတ္သိမ္းေနၾကတာျဖစ္ပါတယ္။

ေၾကာ္ျငာ ဆိုင္းဘုတ္ေတြကို စည္ပင္သာယာထံ လုပ္ငန္းရွင္ေတြက အခြန္ေငြေပးၿပီး ေထာင္ရတာ ျဖစ္တဲ့အတြက္ တခ်ိဳ႕လုပ္ငန္းရွင္ေတြကေတာ့ “အခြန္ေဆာင္ထားရတာေတြျပန္ေပးမွာလား”လို႔ ေမးခြန္း ထုတ္ေနၾကပါတယ္။

လူအသြားအလာမ်ားတဲ့ အဓိက လမ္းမႀကီးေတြမွာ စိုက္ထူထားတဲ့ ဆိုင္းဘုတ္ေတြအတြက္ အခြန္ပိုမိုေပးေဆာင္ထားရတယ္လို႔လည္း သိရပါတယ္။

လမ္းေဘးဆိုင္ေတြမွာလည္း အဆိုပါ သ႐ုပ္ေဆာင္ေတြ ပါဝင္တဲ့ ဗီႏိုင္းဆိုင္းဘုတ္ေတြနဲ႔ ေၾကာ္ျငာထားတာ မွန္သမွ် ျဖဳတ္ၾကဖို႔ စည္ပင္ကဝန္ထမ္းေတြ လိုက္ေျပာေနၾကတယ္လို႔ သိရပါတယ္။

စစ္ေကာင္စီတပ္ေတြ အဓိက ျဖတ္သန္းသြားလာရာ အဓိကေနရာေတြျဖစ္တဲ့ မႏၲေလးၿမိဳ႕ ၇၈ လမ္း တစ္ေလွ်ာက္၊ ၈၄ လမ္း တေလွ်ာက္၊ ၇၃ လမ္းနဲ႔ လမ္း ၃၀ စတဲ့ လမ္းေတြကို အရင္ဆုံး လိုက္လံျဖဳတ္ခိုင္းခဲ့တယ္လို႔ သိရပါတယ္။

အလားတူ ရန္ကုန္ၿမိဳ႕မွာလည္း အမ်ားျပည္သူ ျဖတ္သန္းသြားလာရာ အဓိကလမ္းမႀကီးေတြေပၚက တရားစြဲခံ သ႐ုပ္ေဆာင္ေတြရဲ႕ ေၾကာ္ျငာ ဆိုင္းဘုတ္ႀကီးေတြလည္း မရွိသေလာက္နည္းပါးသြားပါတယ္။

ဒါ့အျပင္ ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ႐ုပ္ပုံပါဆိုင္းဘုတ္ေတြလည္း ျဖဳတ္သိမ္းခံထားရသလို သမၼတ ဦးဝင္းျမင့္ေနထိုင္ရာ တာေမြၿမိဳ႕နယ္ရွိ ျခင္းလုံး႐ုံမွာ ခ်ိတ္ဆြဲထားတဲ့ ျခင္းလုံးခတ္ေနတဲ့ဓာတ္ပုံေတြကိုပါ စစ္အုပ္စုက လိုက္လံ ျဖဳတ္သိမ္းထားပါတယ္။