နေပြည်တော် ပျဉ်းမနားမြို့နယ်အတွင်းက ရပ်ကွက်အချို့မှာ လျှပ်စစ်မီတာကျသင့်ငွေတွေကို ၅ လစာ အထိ ကောက်ခံတာတွေရှိနေတယ်လို့ ဒေသခံအချို့က ဘီဘီစီကိုပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာရယူပြီးနောက်ပိုင်း မကောက်ခံနိုင်ခဲ့တဲ့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ ၊မတ် ၊ဧပြီနဲ့ မေ လ ၅လစာ ကျသင့်ဘေလ်စာရွက်တွေကို တပေါင်းတည်း ဝေငှသွားတာလို့သိရပါတယ်။
‘ ‘ ကျွန်တော်တို့ ရပ်ကွက်မှာတော့ ၅လစာ ၅ ရွက် တခါတည်းဝေသွားတယ်။ ခွဲဆောင်ဖို့ပြောတယ်။ ရှေ့ ၃လက ကင်းလွတ်ကြေးပါပါမေပယ့် ဧပြီ မေ ၂လစာမှာတော့ ကင်းလွတ်ခွင့်မပါတော့ဘူး။ ကျသင့်ငွေ ကလည်း ပုံမှန်ထက် ပိုများတယ်။
ရပ်ကွက်ထဲမှာက မဆောင်တဲ့သူလည်းများတယ်။ တချို့ကတော့ ပုံမှန်ထက် ပိုကျလို့ မီတာရုံးသွားပြောမယ်လု့ိပြောသူတွေလည်းရှိတယ်။ မဆောင်ရင် မီးဖြတ်မယ်လို့ မပြောသွားပေမယ့် စာရွက်မှာတော့ ရေးထားတယ်။’’လို့ မီတာစာရွက် ၅လစာ ပေးဆောင်ဖို့ စာရွက်ရထားသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
စစ်ကောင်စီက အာဏာရယူပြီးနောက်ပိုင်း ၂၀၂၀ ရွေးကောက်ပွဲရလာဒ်အရ အနိုင်ရကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကတော့ အိမ်သုံးမီတာခတွေကို ပေးဆောင်စရာမလိုဘဲ ကင်းလွတ်ခွင့်ပြုကြောင်း ကြေညာထားပါတယ်။
ပြည်သူတွေထဲ လျှပ်စစ်မီတာခ အပါအဝင် အခွန်အရပ်ရပ်ကို လူထု CDM အနေနဲ့ မပေးဆောင်သူတွေ လည်းအများအပြားရှိနေပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့လက စစ်ကောင်စီလက်အောက် လျှပ်စစ်ဝန်ကြီးဌာနက လျှပ်စစ်မီတာခတွေမပေး ဆောင်ပါက လျှပ်စစ်မီးဖြတ်တောက်ခံရမယ်လို့ ကြေညာပြီးနောက်ပိုင်း လျှပ်စစ်မီတာပေးဆောင်သူ တွေလည်း ရှိခဲ့ပါတယ်။
————————
ေနျပည္ေတာ္ ပ်ဥ္းမနားၿမိဳ႕နယ္အတြင္းက ရပ္ကြက္အခ်ိဳ႕မွာ လွ်ပ္စစ္မီတာက်သင့္ေငြေတြကို ၅ လစာ အထိ ေကာက္ခံတာေတြရွိေနတယ္လို႔ ေဒသခံအခ်ိဳ႕က ဘီဘီစီကိုေျပာပါတယ္။
ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္က အာဏာရယူၿပီးေနာက္ပိုင္း မေကာက္ခံႏိုင္ခဲ့တဲ့ ဇန္နဝါရီ၊ ေဖေဖာ္ဝါရီ ၊မတ္ ၊ဧၿပီနဲ႔ ေမ လ ၅လစာ က်သင့္ေဘလ္စာ႐ြက္ေတြကို တေပါင္းတည္း ေဝငွသြားတာလို႔သိရပါတယ္။
‘ ‘ ကြၽန္ေတာ္တို႔ ရပ္ကြက္မွာေတာ့ ၅လစာ ၅ ႐ြက္ တခါတည္းေဝသြားတယ္။ ခြဲေဆာင္ဖို႔ေျပာတယ္။ ေရွ႕ ၃လက ကင္းလြတ္ေၾကးပါပါေမပယ့္ ဧၿပီ ေမ ၂လစာမွာေတာ့ ကင္းလြတ္ခြင့္မပါေတာ့ဘူး။ က်သင့္ေငြ ကလည္း ပုံမွန္ထက္ ပိုမ်ားတယ္။
ရပ္ကြက္ထဲမွာက မေဆာင္တဲ့သူလည္းမ်ားတယ္။ တခ်ိဳ႕ကေတာ့ ပုံမွန္ထက္ ပိုက်လို႔ မီတာ႐ုံးသြားေျပာမယ္လု႔ိေျပာသူေတြလည္းရွိတယ္။ မေဆာင္ရင္ မီးျဖတ္မယ္လို႔ မေျပာသြားေပမယ့္ စာ႐ြက္မွာေတာ့ ေရးထားတယ္။’’လို႔ မီတာစာ႐ြက္ ၅လစာ ေပးေဆာင္ဖို႔ စာ႐ြက္ရထားသူတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။
စစ္ေကာင္စီက အာဏာရယူၿပီးေနာက္ပိုင္း ၂၀၂၀ ေ႐ြးေကာက္ပြဲရလာဒ္အရ အႏိုင္ရကိုယ္စားလွယ္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ကေတာ့ အိမ္သုံးမီတာခေတြကို ေပးေဆာင္စရာမလိုဘဲ ကင္းလြတ္ခြင့္ျပဳေၾကာင္း ေၾကညာထားပါတယ္။
ျပည္သူေတြထဲ လွ်ပ္စစ္မီတာခ အပါအဝင္ အခြန္အရပ္ရပ္ကို လူထု CDM အေနနဲ႔ မေပးေဆာင္သူေတြ လည္းအမ်ားအျပားရွိေနပါတယ္။
ဒါေပမယ့္ ၿပီးခဲ့တဲ့လက စစ္ေကာင္စီလက္ေအာက္ လွ်ပ္စစ္ဝန္ႀကီးဌာနက လွ်ပ္စစ္မီတာခေတြမေပး ေဆာင္ပါက လွ်ပ္စစ္မီးျဖတ္ေတာက္ခံရမယ္လို႔ ေၾကညာၿပီးေနာက္ပိုင္း လွ်ပ္စစ္မီတာေပးေဆာင္သူ ေတြလည္း ရွိခဲ့ပါတယ္။



