ၾကားသိရသမွ်

စစ်ကောင်စီကို နိုင်ငံတကာတရားရုံး ICC မှာ တရားစွဲမည်(အပြည့်အစုံဖတ်ရန်နှိပ်ပါ)

စစ်ကောင်စီကို ICC မှာတရားစွဲမည်

Crime Against Huminity၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ စစ်ကောင်စီကို နိုင်ငံတကာတရားရုံး ICC မှာ တရားစွဲဆိုသွားမယ်လို့ NUG တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး က ဇွန်လ ၂၅ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

Crime Against Huminity၊ စစ်ရာဇဝတ်မှုတွေအတွက် ခိုင်လုံတဲ့သက်သေတွေရှိနေပြီဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုအတွက်ကတော့ ပိုပြီးခိုင်လုံတဲ့သက်သေအ ထောက်အထားတွေနဲ့ တင်ပြနိုင်ဖို့လိုတယ်လို့ဆိုပါတယ်။

ICC ကိုအမှုသက်သေတွေတင်သွင်းတဲ့အခါ အာဏာသိမ်းပြီး စစ်ကောင်စီကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုသာမက အရင်တုန်းက စစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကိုပါ နိုင်ငံတကာတရားရုံးကို ပူးတွဲတင်ပြနိုင်ဖို့ စီစဉ်နေတယ်လို့ ဝန်ကြီးဦးသိန်းဦးကပြောပါတယ်။

“စစ်တပ်က အရင်ကကျူးလွန်တဲ့ပြစ်မှုတွေကိုပါ ပူးတွဲတင်သွားဖို့ရှိပါတယ်။ စစ်တပ်က ကျူးလွန်ပြီး အရေးမယူနိုင်ခဲ့တဲ့ အမှုတွေကိုပါ ပူးတွဲတင်သွားမှာဖြစ်ပါတယ်” လို့ ဦးသိန်းဦးကပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကကျူးလွန်ခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ် လေးသိန်းကျော်ကို မှတ်တမ်းရရှိထားပြီး အဲ့ဒီအထဲက ဖြစ်စဉ်တစ်သိန်းခွဲကျော်ကို နိုင်ငံတကာစံချိန်နဲ့အညီ မှတ်တမ်းပြုစုထားတယ်လို့ NUG ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆာဆာကပြောပါတယ်။

ကမ္ဘာ့အဆင့်ရှေ့နေအဖွဲ့အစည်းကိုလည်း ဌားရမ်းထားတယ်လို့ ဆိုပါတယ်။

“ဖြစ်စဉ်ပေါင်း လေးသိန်းကျော်ရပြီ။ ICC မှာသွားဖို့က အပြည်ပြည်ဆိုင်ရာ အသွားအလာနဲ့ကိုက်ညီတဲ့ပုံစံရှိတယ်။ မြန်မာနိုင်ငံဆိုင်ရာအထူးစုံစမ်းစစ်ဆေးရေးကော်မတီနဲ့လည်းလက်တွဲနေတယ်။ ကမ္ဘာ့ရှေ့နေအဖွဲ့အစည်းကြီးကိုလည်းငှားထားတယ်။

၂သောင်း ၈ထောင်ကျော် အခိုင်မာဆုံးဖြစ်စဉ်တွေကိုရွေးတယ်။ အဲ့ဒီထဲကမှ ၄၀၀ ကိုပြန်ရွေးမယ်။ အဲ့ဒီထဲကမှ ရှေ့နေတွေနဲ့ တိုင်ပင်ပြီး၂၀၀ ရွေးမယ်။ သက်သေအထောက်အထားတွေနဲ့ ခိုင်ခိုင်မာမာတည်ဆောက်နေတာဖြစ်တယ်။
ကမ္ဘာ့လုံခြုံရေးကောင်စီကနေသွားတဲ့လမ်းရှိသလို သွားတဲ့လမ်း သုံးလေးခုရှိတယ်” လို့ ဒေါက်တာဆာဆာကပြောပါတယ်။

စစ်ကောင်စီက ကျူးလွန်တဲ့ပြစ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက အထောက်အထားခိုင်ခိုင်လုံလုံနဲ့အရေးယူနိုင်အောင် အမျိုးသားညီညွတ်ရေးအစိုးရကဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျူးလွန်တဲ့ စစ်ခေါင်းဆောင်တွေကိုအရေးယူနိုင်ဖို့ ဥပဒေအပေါ်မှာ ဘယ်သူမှမရှိဖို့ ဆောင်ရွက်နေတာဖြစ်ပြီး ထိုက်တန်တဲ့ပြစ်ဒဏ်တွေချမှတ်နိုင်အောင် ဆောင်ရွက်မယ်လို့ NUG တာဝန်ရှိသူတွေကပြောပါတယ်။